ကျိုးပျက်ခဲ့တဲ့ အိမ်ထောင်မျိုးတွေ (Broken Families) ကနေ ကြီးပြင်းလာတဲ့ ကလေးတွေဟာ အများနဲ့ မတူဘဲ အခြားပုံစံ တစ်ခု ကွဲထွက် နေတတ်ပါတယ်။ တချို့က သူတို့ကို နားလည်ရခက်တဲ့ သူတွေလို့ သတ်မှတ်ကြတယ်။ တချို့ကျတော့လည်း သူတို့လေးတွေဟာ ပေါင်းသင်း ဆက်ဆံရ ခက်တယ်လို့ သတ်မှတ်ကြပြန်တယ်။ သူတို့ရဲ့ အပြုအမူ အပြောအဆိုတွေဟာလည်း အများနဲ့ မတူဘဲ ကွဲထွက်နေတတ်တယ်။ သူတို့ထဲက တချို့ကတော့ အဲ့ဒီလို ဖြည်တည်လာတဲ့ သူတို့ရဲ့ဘဝမှာလည်း အောက်က ပြောတဲ့ အချက်တွေ ရှိတယ်ဆိုတဲ့အကြောင်း သက်သေ ပြတတ်ကြတယ်။

စိတ်ပိုင်းဆိုင်ရာ သန်မာတဲ့ သူတွေ ဖြစ်တယ်။
စိတ်ခံစားမှု အမျိုးမျိုးဖြစ်တဲ့ မပျော်ရွှင်ခြင်း၊ အထီးကျန်ခြင်း စတာတွေကို ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ပြီး ပျော်ရွှင်မှုကို ဖန်တီးနိုင်ကြတယ်။ သည်းထိပ်ရင်ဖို အနိမ့် အမြင့် အတက်အကျ များခဲ့တဲ့ သူတို့ဘဝ အတွေ့အကြုံတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုပြီး သန်မာစေတယ်။ သူတို့ဘဝရဲ့ အခက်ခဲဆုံး အရာကတောင် သူတို့ကို ကျရှုံးအောင် မလုပ်နိုင်ဘူးလို့ ယုံကြည်မှု ရှိစေတယ်။

လူတိုင်းက မပြည့်စုံနိုင်ဘူးဆိုတာကို သူတို့က ပြည့်ပြည့်ဝဝ လက်ခံနိုင်တယ်။
လူတိုင်း မပြည့်စုံနိုင်ဘူး ဆိုတာကို ပြောနေကြပေမယ့် လူတိုင်း အပြည့်အဝ လက်မခံနိုင်ကြဘူး။ သူတို့ကတော့ အဲ့ဒါကို အပြည့်အဝ လက်ခံနိုင်ကြတယ်။ မခိုင်မြဲတဲ့ အိမ်ထောင်ရေး ဖြစ်ခဲ့ရတဲ့ မိဘတွေနဲ့ ကြုံတွေ့ခဲ့ရခြင်းက ကမ္ဘာကြီးပေါ် မှာ သူတို့ရဲ့ ဖြစ်တည်လာခြင်းကို သူ့တို့ရင်ထဲ မေးခွန်းတွေ အများကြီး ဖြစ်စေခဲ့တယ်။ ဘဝထဲက တချို့ အရာတွေက သူတို့ရဲ့ ထိန်းကွပ်မှု အောက်မှာပဲ ဖြစ်တည်နေတယ် ဆိုတာကို သူတို့ လက်ခံကြတယ်။ ဒီအချက်က သူတို့ကို ထူးခြားပြီး ပင်ကိုယ် အရည်အသွေးရှိတဲ့ လူတစ်ယောက်အနေနဲ့ လူတွေကြားထဲမှာ အပြန်အလှန် သက်ရောက်စေတယ်။ အမှားတို့ အပြစ်အနာအဆာ တို့နဲ့ ပတ်သက်လာရင် သူတို့က အခြား သူတွေထက် ပိုပြီး လက်ခံ နားလည်ပေးနိုင်စွမ်း မြင့်မားတယ်။

သစ္စာတရားကို တခြားအရာတွေထက် ပိုယုံကြည်ကြတယ်။
သူတို့ရဲ့ ဘဝမှာ စွန့်ပစ်ခံရခြင်း၊ အထီးကျန်ခြင်း စတဲ့ တကိုယ်တည်း အတွေ့အကြုံတွေကို ခံစားခဲ့ရဖူးတဲ့အတွက် အဲ့ဒီလို နာကျင်မှုမျိုး ထပ်မကြုံရအောင် ဂရုစိုက်ကြတယ်။ အဲ့ဒီလို နာကျင်မှုတွေရဲ့ ဝေဒနာတွေကို သူတို့နားလည်ကြတယ်။ အဲ့ဒီအတွက် ကိုယ်ချင်းလည်း စာတတ်ကြတယ်။ ပတ်ဝန်းကျင်ကတော့ သူတို့ကို အေးတိအေးစက် နှလုံးသား ပိုင်ရှင်တွေအဖြစ် မြင်နိုင်ပြီး ပေါင်းသင်းဆက်ဆံရ ခက်မယ်လို့လည်း ထင်ကြတယ်။ တကယ်တော့ သူတို့အတွက် သစ္စာစောင့်သိမှုဟာ အရမ်း အရေးကြီးပြီး သူတို့ကလည်း တစ်ခြားသူတွေအပေါ် အရမ်း သစ္စာစောင့်သိ တတ်ကြတယ်ဆိုတာ ပတ်ဝန်းကျင်က မသိကြဘူး။

သီးသန့်ဖြစ်တည်မှု ရှိပြီး စိတ်အားထက်သန်မှုလည်း ရှိတယ်။
သူတို့ဟာ သူတို့ဘဝရဲ့ ဒဏ်ရာတွေကို သူတို့ဘဝရဲ့ သဲထဲရေသွန် ဖြစ်ခဲ့ရတာတွေ ၊ စိတ်ပျက်စရာတွေကို သူတို့လျှောက်လှမ်းရာ ဘဝခရီးလမ်းမှာ လောင်စာတွေ အဖြစ်အသုံးချပြီး သူတို့ကိုယ် သူတို့ စွမ်းအားပြည့် မောင်းနှင်တတ်တယ်။ အများအားဖြင့် ဘယ်သူနဲ့မှ မပြိုင်ကြဘူး။ ဒါပေမယ့် သူတို့ကိုယ် သူတို့တော့ အမြဲပြိုင်နေကြတယ်။ အကူအညီတွေ မရခဲ့ရင်တောင်မှ စိတ်ဓာတ်မကျဘဲ သူတို့ရဲ့ အောင်မြင်မှုက သူတို့အပေါ်မှာပဲ မှီခိုနေတယ် လို့ မှတ်ယူတယ်။ ကူညီမယ့်သူ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ သူတို့ အောင်မြင်နိုင်တယ် ဆိုတာကိုလည်း ယုံကြည်ကြတယ်။

စိတ်ပိုင်းဆိုင်ရာ ပြည့်ဝကြတယ်။
အတိတ်က ဖြစ်ရပ်တွေဟာ သူတို့ကို ကိုယ်ပိုင် ရွေးချယ်ခွင့်တွေ အများကြီးနဲ့ သူတို့ ကိုယ်တိုင် လုပ်နိုင်စွမ်း ရှိသလောက် အခွင့်အလမ်းတွေကို ဖွင့်ပေးသလို ဖြစ်သွားစေတယ်။ သူတို့ဟာ အမှားတွေ လုပ်မိမှာကို မကြောက်ကြဘူး။ အဲ့ဒီအတွက်လည်း သူတို့ရဲ့ ကြိုးစားမှုအား လုံလောက်တယ်လို့ ယုံကြည်တတ်ကြတယ်။

ဘယ်လိုပျော်အောင် နေရမလဲဆိုတာ သူတို့ သိတယ်။
သူတို့ဟာ ပျော်ရွှင်မှုနဲ့ မထိုက်တန်ဘူး ဆိုတဲ့ အချက်တွေအပေါ်မှာ နစ်မွန်းမခံဘဲ ပျော်ရွှင်မှုကို ရှာဖွေတတ်ကြတယ်၊၊ တချို့ကတော့ သူတို့ရဲ့ ရင်ထဲက စိတ်ခံစားမှုတွေကို ထုတ်ပြလေ့ မရှိဘဲ မျက်နှာဖုံးတပ်ထားသလို ကာကွယ်ထားတတ်ကြတယ်။ သူတို့ရဲ့ ဘ၀ မပြီးဆုံးသေးဘူး ဆိုတာနဲ့ သူတို့ ပျော်ရွှင်ဖို့အတွက် ပြည့်စုံတဲ့ မိသားစုတစ်ခု မလိုအပ်ဘူး ဆိုတာကိုလည်း တစ်ခြားသူတွေ မြင်သာအောင် သက်သေပြတတ် ကြသေးတယ်။

ရင်သွေးလေးတွေကို ပျော်ရွှင်စေမှာ သေချာတယ်။
အများအားဖြင့် သူတို့ဟာ သူတို့ရဲ့ ဘဝကို လက်ခံနိုင်တဲ့သူတွေနဲ့ပဲ လက်ထပ်ပြီး မိသားစုဘဝကို စတင် တတ်ကြတယ်။ သူတို့ရဲ့ ရင်သွေးလေးတွေကို မချစ်တဲ့ ခံစားမှုမျိုး၊ အလိုမရှိတဲ့ ခံစားမှုမျိုး သူတို့ ဘယ်တော့ မှ ပေးမှာ မဟုတ်သလို အဲ့ဒီလို မဖြစ်အောင်လည်း ဂရုစိုက်ကြတယ်။ ကလေးတွေရဲ့ အနာဂတ်ကို ထိခိုက်နိုင်တဲ့ ဘယ်အရာကိုမဆို သူတို့ ရှောင်ကြတယ်။ သူတို့ ခံစားခဲ့ရသလိုမျိုး သူတို့ ရင်သွေးလေးတွေကို မခံစားစေချင်ကြဘူး။ သူတို့ဘ၀ ဘယ်လိုပဲ ရှိခဲ့ပါစေ သူတို့ရင်သွေးလေးတွေ အတွက်တော့ မိဘကောင်း လေးတွေ ဖြစ်လာမှာ ကျိန်းသေတယ်။

ရိုးရှင်းတဲ့အရာလေးတွေအပေါ် တန်ဖိုးထားကြတယ်။
ရိုးရှင်းတဲ့ အရာလေးတွေအပေါ် သူတို့ ကောင်းကောင်းကြီး အရသာခံစား တတ်တယ်။ ပြီးတော့ အဲ့ဒီအရာလေးတွေက သူတို့ကို အဓိက ပျော်ရွှင်စေတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေက သူတို့ကို ပျော်ရွှင်မှု မပေးနိုင်ဘူးဆိုတာ သူတို့ သိတယ်။ သူတို့ဘဝမှာ လိုအပ်ချက်တွေ များခဲ့တော့ လူတွေရဲ့ လိုအပ်ချက်တွေကိုလည်း သူတို့ အဆင်သင့် နားလည်နေတယ်။ သူတို့ဘဝရဲ့ ရည်ရွယ်ချက်က အကောင်းဆုံးတွေ ဖြစ်လာဖို့ မဟုတ်ဘူး။

သူတို့ရဲ့ယုံကြည်မှု အလွဲသုံးစား လုပ်ခံရတာတောင်မှ သစ္စာတရားကို တခြားသူတွေထက် ပိုပြီး ကိုးကွယ်နေတတ်တယ်။ သူတို့ ဝမ်းနည်းကောင်း ဝမ်းနည်းလိမ့်မယ်။ ဒါပေမယ့် နောက်ကျရင် ဘဝဆိုတာ အရမ်းလှပြီး အဲ့ဒါဟာ သူတို့ ဘဝလို့ သိလာတယ်။ ဘာတွေပဲဖြစ်ဖြစ် သူတို့ ရှေ့ဆက်တယ်။ အရာရာတိုင်းကို ဖြတ်ကျော်ရဲတယ်။ သူတို့ထဲက တချို့ကတော့ ဂရုစိုက်မှုနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရား ကို ဆာလောင် မွတ်သိပ် နေတတ်ကြတယ်။ ဒါပေမယ့် အခြားသူ တွေထက် ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ဖို့က ပိုအရေးကြီးတယ်ဆိုတာကိုတော့ သူတို့ သိနားလည် လက်ခံထားကြတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Ref : “Be with someone who comes from a broken family” by Sky Lacea