သူငယ်ချင်း စုံတွဲလေး တစ်တွဲ ရှိတယ်။ ကောင်လေးက အမြဲတမ်း စိတ်ဆိုးတိုင်း လမ်းခွဲစကား ပြောလေ့ရှိတယ်။ တကယ်လည်း ခွဲနိုင်တာ မဟုတ်ဘူး။ ၁၅ မိနစ်တောင် မကြာဘူး … သူပဲ လမ်းခွဲစကား ပြော၊ သူပဲ ချက်ချင်း ပြန်ချော့ .. ပြန်ဆက်တယ်။ အဲ့ဒီလိုမျိုး ခဏခဏပေါ့။
မှတ်မိသလောက်ဆိုရင် … သူပထမဆုံး အကြိမ် လမ်းခွဲ စကားပြောတုန်းကဆိုရင် အဲ့ဒီ ကောင်မလေး ခမျာ ငိုတောင် ငိုတယ်။ ဒါပေမယ့် နောက်အခေါက်တွေမှာ .. မငိုတော့ဘူး။ အေးဆေးပဲ။ တဖြည်းဖြည်း နောက်ဆုံး သူတို့ တကယ် ပြတ်သွားကြတဲ့ အထိ … ကောင်မလေးက လုံး၀ မျက်ရည်မကျဘဲ ဘာမှမဖြစ်သလို တည်တည်ငြိမ်ငြိမ်ပဲ ။
တကယ် ဇာတ်သိမ်းကျတော့ လမ်းခွဲစကား ခဏခဏ ပြောတဲ့ သူက မျက်ရည်နဲ့ မျက်ခွက်၊
ခဏခဏ အပြောခံရတဲ့သူကတော့ … အေးဆေးပဲ။ ဘာမှမဖြစ်လိုက်ဘူး။ ဘယ်လိုမှလည်း မနေဘူး။
______
လူတစ်ယောက်ကို အဆိုးဆုံး အတွေ့အကြုံတွေ ခဏခဏ ပေးရင် ကြာလာတာနဲ့ အမျှ ခံနိုင်ရည် ရှိသွားတတ်ပါတယ်။
တချို့ဆို စမ်းသပ်တာတောင် လုပ်လိုက်သေး .. ကိုယ့် စမ်းသပ်ချက်ကြောင့် သူ ဝမ်းနည်းသွားရင် .. သူငါ့ကို တကယ်ချစ်တာပဲ ဆိုပြီး ပျော်တတ်ကြတယ်။ ဒါဟာ ကိုယ်သိချင်တဲ့ အရာတစ်ခုအတွက် စမ်းသပ်တာဆိုပေမယ့် ကိုယ့်အတွက် အဲ့တစ်ခါပဲ သိရမှာပါ။ နောက်တစ်ကြိမ် အလားတူ အဖြစ်မျိုး ကြုံရင် ပထမဆုံး အကြိမ်လောက် သူရင်ထဲ ဖြစ်နိုင်ပါဦးမလား။ ခံစားချက်က အနည်းအများတော့ လျော့သွားနိုင်တယ်။
လမ်းခွဲစကားခဏခဏ ပြောနေတာမျိုး၊ တစ်ဖက်သားကို ကိုယ့်ကြောင့် ခံစားရအောင် ခဏခဏ လုပ်နေတာမျိုး တွေက ကြာလာတာနဲ့ အမျှ သူ့ကို ခံနိုင်ရည် ရှိလာအောင် ကိုယ်တိုင် လေ့ကျင့်ပေးလိုက် သလိုပါပဲ။ ခံနိုင်ရည်ရှိလာတာ .. သူ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေရှိပါတယ်။
ဒီလိုပြောလို့ ကိုယ့်ချစ်သူက ကိုယ့်ကြောင့် ငိုယို နေရမယ် ဆိုတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကိုယ့်ချစ်သူက ကိုယ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာရှိ .. စိတ်မကောင်း ဖြစ်သင့်တယ်။ ပျော်စရာရှိ ပျော်သင့်တယ်။ ကိုယ်နဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ရှိနေသင့်တယ်။ ဒါတွေကလည်း ကိုယ်နဲ့ ပတ်သက်ပြီး ရင်ထဲရှိမှ ဖြစ်လာနိုင်တဲ့ ခံစားမှုမျိုးတွေပါ။
စိတ်ဆိုးစရာရှိတာနဲ့ လမ်းခွဲစကားပြောသလိုမျိုး၊ အဆိုးဆုံး အတွေ့အကြုံတွေ ပေးတာရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ကတော့ ကိုယ်ဘာပြောပြော ချစ်တယ်ပြောပြော စိတ်ဆိုးတယ် ပြောပြော ... သူ့အတွက် ဘယ်လိုမှ မနေတော့ဘူး ။ ကိုယ်နဲ့ ပတ်သက်ပြီး အလေးအနက်ထားမှုတွေ . တဖြည်းဖြည်း ပျောက်ကွယ်လာနိုင်တယ်။ လေးလေးနက်နက် မရှိနိုင်တော့ဘူး။ နောက်ဆုံး ကိုယ့်ကို သူ ချစ်တယ်ဆိုတာတောင် ... ဘာဖြစ်လို့ ပြောမိခဲ့မှန်း မသိလောက်အောင် ဖြစ်သွားနိုင်တယ်။
ဒါ့ကြောင့် … ကိုယ်ချစ်ရတဲ့သူကို ကိုယ့်ကြောင့် မျက်ရည်ကျရမယ့် အဆိုးဆုံး အတွေ့အကြုံတွေခဏခဏ မပေးသင့်သလို လမ်းခွဲ စကားကိုလည်း ချိုချဉ်ဝေသလို ပေါပေါလောလော ခဏခဏ မသုံးသင့်ပါဘူး။ သုံးချင် တစ်ခါတည်းသာ ပြက်ပြက်သားသား သုံးလိုက်ပါ ...။ အဲ့ဒါဟာ အနည်းဆုံးတော့ သူ့အတွက်ရော ကိုယ့်အတွက်ပါ တစ်သက်လုံး တသသလေး ဖြစ်စေတဲ့အထိ လေးနက်မှုရှိရှိနဲ့ အဆုံးသတ်စေပါလိမ့်မယ်။ ကိုယ်ချစ်ရတဲ့သူကို ကိုယ်တိုင် ဒဏ်ရာတွေ ပေးနေရင်တော့ နောက်ဆုံး ကိုယ်ပဲ ဒဏ်ရာတွေနဲ့ ကျန်ခဲ့ပါလိမ့်မယ်။
တိုးတက်အောင်(ပဲခူး)

Social Plugin