လူတိုင်းရဲ့ ဘဝမှာ အမှတ်တရလေးတွေ … ရှိတတ်ကြပါတယ်။ ကျွန်တော့်မှာလည်း ရှိတယ်။ ကျွန်တော့် ဘဝရဲ့ အမှတ်တရလေးတွေအကြောင်း စာလေးတွေ အဖြစ် ရေးထားချင်စိတ်လေး ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် တစ်ချိန် ပြန်ဖတ်ရင် .. ခံစားမှု တစ်ခုခုတော့ ရမှာပါ။

ကျွန်တော့် အမှတ်တရတွေထဲမှာ ပျော်စရာတွေလည်း ပါမယ်။ ဝမ်းနည်းစရာတွေလည်း ပါမယ်။ ရယ်စရာတွေလည်း ပါမယ်။ ကြောင်တောင်တောင် အလွဲတွေလည်း ပါမယ်။ ကျွန်တော် တော်တော်ညံ့ခဲ့တဲ့ အကြောင်းတွေလည်း ပါမယ်။

▌မိန်းခလေး တစ်ယောက်ကို ပထမဆုံး ချစ်တယ် ဖွင့်ပြောခဲ့စဉ်က

တော်တော်လေး အူကြောင်ကြောင် နိုင်ခဲ့တယ်။ ပြန်တွေးတိုင် ရှက်လည်း ရှက်ရတယ်။ ဆယ်တန်း ကျောင်းသားဘဝပေါ့။

အဲ့ဒီနေ့က ကျောင်းကနေ စက်ဘီးနဲ့ ပြန်လာတဲ့ အချိန်၊ သူငယ်ချင်း တစ်ယောက်က သူ့စက်ဘီးနဲ့ ကျနော့် စက်ဘီးနားကပ်လာပြီး .. ဟိုမှာ မင်း ချစ်တဲ့ကောင်မလေး .. ဖွင့်ပြောဆိုပြီ ကျောပိုအိတ်ကိုဆွဲပြီး နင်းသွားလို့ ဘေးကနေ ယမ်းဖယ် ယမ်းဖယ် .. ပါသွားတယ်။ အဲ့ဒီကောင်မလေး စက်ဘီး ဘေးနားကို ကပ်လိုက်တော့ စက်ဘီးသုံးစီး လမ်းပေါ်မှာ ယှဉ်သွားတယ်။ ကျနော်က အလယ်က ၊ ကျနော်လည်း အရမ်း ကြောက်သွားတယ်။

ဘာလုပ်ရမှန်းမသိ၊ ရှက်လည်းရှက်တာနဲ့ ပူထူသွားပြီး .. ယောင်ယောင်ယမ်းယမ်းနဲ့ တစ်ခွန်းတည်း ထွက်သွားတယ်။
“နင့်ကို ငါချစ်တယ်” ပြီးလည်းပြီးရော သူငယ်ချင်းက ကျောပိုးအိတ်ကို လွှတ်ပေးလိုက်တော့ ကျနော်လည်း စက်ဘီးကို အရှေ့ဆုံးရောက်အောင် နင်းထွက်သွားလိုက်တယ်။ ဘာမှကို မမြင်တော့တာ .. နိဗ္ဗာန် ရောက်မသွားတာတောင် ကံကောင်းတယ်။ သူ့ကိုလည်း ဘယ်လိုမှ မကြည့်ဖြစ်တော့။

ဒါပေမယ့် သေချာတယ် သူကျနော့ကို တော်တော် မုန်းသွားတယ်။
ကျနော်လည်း သူ့ကို နောက်ပိုင်း ဘာမှဆက်မပြောဖြစ် ခဲ့ဘူး။

အဲ့ဒီတုန်းက တကယ်လည်း ချစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ကြောင်တောင်တောင် ဖြစ်သွားတာဟာ လုံးဝလည်း မရည်ရွယ်ခဲ့ဘူး။ အစကတည်းက ဖွင့်ပြောဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒီလို မတော်တဆကနေ ယောင်ယမ်းထွက် သွားတာဟာ … မစရသေးတဲ့ ဇာတ်လမ်း တစ်ခုကို အော်တိုမက်တစ် အဆုံးသတ်သွားစေတယ်။

သူ့ကို မရှင်းပြခဲ့ရသလို ရှင်းပြဖို့ အခွင့်အရေးလည်း မရခဲ့ဘူး။ တချို့ကိစ္စတွေက ရှင်းရှင်းလေးနဲ့ ဘယ်ကနေစပြီး ဘယ်လိုရှင်းပြရမှန်း မသိလောက်အောင် အကြပ်အတည်း ဖြစ်စေတယ်။

ဒါပေမယ့် ကျနော် တော်တော် မှားခဲ့တယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ဒီအဖြစ်နဲ့ ပတ်သက်ပြီး ယောက်ျား မဟုတ်ဘူးလားလို့ ခံစားရတယ်။ ဒီအဖြစ်ဟာ ကျနော့ ဘဝမှာ အချစ်ရေးနဲ့ ပတ်သက်ရင် အမဲစက်တစ်ခုသဖွယ် ..။

နောက်တစ်ခေါက်လောက် ပြန်ဆုံခွင့်ရရင် … ဖြစ်နိုင်မယ်ဆိုရင်ပေါ့ အဲ့ဒီနေ့က စကားကိုပဲ တည်တည်တံ့တံ့နဲ့ သူ့မျက်လုံး အစုံကိုကြည့်ပြီး ပြန်ပြောချင်မိတယ်။ ဒါဟာ ချစ်သူတွေ ဖြစ်ဖို့ ချစ်ခွင့်ပန်တာမျိုး မဟုတ်ဘဲ ဒီတိုင်း အဲ့ဒီနေ့က အမှားကို တောင်းပန်းရင်းနဲ့ အဲ့ဒီနေ့က အဖြစ်တွေကို ပြန်ပြင်ပြောတဲ့ သဘောအနေနဲ့သာ …။ ဒီထက်ပိုပြီး မျှော်လင့်ချက် မရှိ ပါဘူး။ ဒါပေမယ့် ဒါဟာလည်း မဖြစ်နိုင်သေးပါဘူး ..။

ဘာပဲဖြစ်ဖြစ် .. ပြန်တွေးလိုက်တိုင်း စိတ်မကောင်းစရာ လိုလို၊ ကြောင်တောင်တောင် မနူးမနပ် ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြုံးမိသလိုလို … ဖြစ်ဆဲပါ …။ အဲ့ဒီ ကောင်မလေးကတော့ … အခုချိန်မှာ ကျနော့ကို လှောင်ရယ်ကောင်း လှောင်ရယ်နေနိုင်တယ်။

တိုးတက်အောင်(ပဲခူး)