တစ်ခါ တုန်းက လူ တစ်ယောက် ရှိတယ်။ သူက ကြယ်တွေကို ကြည့်ပြီး အနာဂတ်ကို သိနိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်ထားတယ်။ သူကိုယ်သူ ဗေဒင်ဆရာလို့ ပြောပြီး ညအခါတိုင်း  ကောင်းကင်ကြီးကို စူးစိုက်ကြည့်ရင်း သူ့ရဲ့ အချိန်တွေကို ကုန်ဆုံးလေ့ရှိတယ်။ ပြီးတော့ သူဟာ အမြဲတမ်း အနာဂတ် ဆိုတာကြီးနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်။ ရွာသူရွာသားတွေကလည်း သူ့ဆီကို မကြာခဏ လာကြတယ်။ သူတို့ရဲ့ အနာဂတ်ကိုများ သိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

တစ်ခုသော ညနေ( ညမရောက်ခင် ရောက်လုနီးပါး)  ၊ သူ ရွာပြင်က လမ်းမကြီးမှာ လမ်းလျှောက်နေစဉ်ပေါ့၊ သူ့မျက်လုံးတွေကတော့ ကြယ်တွေ ဆီကနေ မခွာဘူး။ အဲ့ဒီမှာ သူက  "ကမ္ဘာကြီးရဲ့ အဆုံးသတ်က နီးနေပြီ" လို့ မြင်လိုက်တယ်။ ( ကမ္ဘာပျက်တော့မယ်ပေါ့) သူက ကြယ်တွေကိုချည်း ကြည့်နေတာမို့ ၊ ဘေးဘီဝဲယာ နဲ့ အောက်ကို မကြည့်ဘဲ လမ်းလျှောက်သလို ဖြစ်နေတယ်။ ရုတ်တရက် အဲ့ဒီမှာ သူ မြောင်းထဲကို ပြုတ်ကျသွားတော့တယ်။ ကံဆိုးချင်တော့ အဲ့ဒီမြောင်းကလည်း  ရွံ့နွံ့ထူတဲ့ မြောင်းကြီး ဖြစ်နေတယ်။

ဒါ့ကြောင့် သူ့ခန္ဓာကိုယ်ဟာ ရွှံ့ထဲကို တဖြည်းဖြည်း နစ်မြုပ်လာတယ်။ ပြန်တက်ဖို့ ကြိုးစားပေမယ့် သူရှိနေတဲ့ဘက်က အင်မတန်မှ ချော်ကျိကျိ ဖြစ်တဲ့ အပိုင်း ဖြစ်နေတယ်။ ဒါ့ကြောင့် ဘယ်လိုမှ မတက်နိုင်ဘူးပေါ့။ ပြီးတော့ သူ့ အသက်ဆုံးရှုံး ရတော့မှာ ကိုလည်း သူ ကြောက်လာတယ်။ အဲ့ဒီအချိန်မှာ အသံကုန် အော်ဟစ် ငိုယိုပြီး ပတ်ဝန်းကျင်ကို အကူအညီ တောင်းတော့တယ်။ အဲ့ဒီလိုနဲ့ ရွာသားတွေ ပြေးလွှား ရောက်လာကြတယ်။

ရွာသားတွေလည်း သူ့ကို ပြန်ဆွဲတင်ပြီး ရွာသားတွေထဲက တစ်ယောက်က သူ့ကို အခုလို ပြောတယ်။
"ခင်ဗျားက ခင်ဗျား ခြေထောက် အောက်မှာ ဘာရှိလဲဆိုတာတောင် မကြည့်နိုင်ဘဲ ကြယ်တွေကို ကြည့်ပြီး အနာဂတ် ဆိုတာကြီးကို ဖတ်တတ်ယောင် ဆောင်တယ်။ ဒီအဖြစ်အပျက်က ဟိုးအဝေးကြီးထက် ခင်ဗျား ရှေ့မှာ ဘာရှိလဲ ဆိုတာကိုပဲ ပိုအာရုံစိုက်သင့်တဲ့ အကြောင်း ခင်ဗျားကို သင်ပေးသွားပြီ၊ အနာဂတ်ဆိုတာကြီးကို သူ့ဘာသူပဲ ထားလိုက်ပါ"

ပုံပြင်လေးကတော့ ဒီနေရာမှာ ပြီးသွားပါတယ်။

ကျွန်တော်တို့ အားလုံးက အနာဂတ်ဆိုတာကြီးကို တောက်တောက်ပပနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်ချင်ကြတာချည်းပဲ။ ဒါပေမယ့် အချိန်ဆိုတာ ဘယ်သူ့အတွက် မဆို ရပ်နေမယ့် အရာ မဟုတ်ဘူး။ ဒါ့ကြောင့် မနက်ဖြန်တိုင်းဟာ ဒီနေ့ ဖြစ်လာမှာပါ။

ဆိုတော့ကာ အခု လက်ရှိ ဖြစ်တည်မှု ဆိုတာကိုက  အနာဂတ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတယ်။ ဒါ့ကြောင့် ပိုကောင်းတဲ့ မနက်ဖြန်တစ်ခုအတွက် လုပ်နေတဲ့အချိန် ကိုယ့်ရဲ့ လက်ရှိ ဖြစ်တည်နေတဲ့ ဘဝလေးကိုလည်း ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့ လိုတယ် ဆိုတာကို ဒီပုံပြင်လေးကနေတစ်ဆင့် သိလိုက်ရပါတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)


Story Ref; https://www.moralstories.org/moral-story-one-who-read-the-future/