အကြောင်းပြချက်ရှိမှာပါလို့ မျှော်လင့်မိတဲ့အခါ
မယုံကြည်တာလားလို့ …. ပြန်အမေး ခံရတယ်။
မေးခွန်းကို မေးခွန်းနဲ့ ပြန်သတ်တယ်။
အချစ်ကို …. အချစ်နဲ့ ပြန်သတ်တယ်။

မျက်စိ စုံမှိတ်ပြီး ခေါင်းညိတ်ရတဲ့ အခိုက်အတန့်ဆိုတာ
မဲလိပ် တစ်လိပ်ကို ကိုင်ပြီး စိတ်ကူးတွေ ယဉ်နေရသလိုပဲ။
နှလုံးသား တစ်ခု ရင်းထားရတယ်။
ရင်ခုန်စရာတွေ ရှိသလို ရင်နာစရာတွေလည်းရှိတယ်။

အကွက်ရွှေ့ပြီး လှလှပပ အချစ်ကို အသုံးချတတ်ရင်
လိုချင်တာ ရနိုင်သလို ဖြစ်ချင်တာလည်း ဖြစ်နိုင်တယ်။
စွန့်စားတတ်တဲ့ ခပ်တုံးတုံး လူတစ်ယောက်ကိုတောင်
ဖန်တီးလို့ရတယ်။

လူတစ်ယောက်ရဲ့ အသုံးချခံ ဖြစ်နေတဲ့ အချစ်က
အချစ်ရဲ့ အသုံးချခံ ဖြစ်နေတဲ့ လူတစ်ယောက်ကို
ဘယ်တော့မှ ချမ်းသာမပေးဘူး။

သံသယ ဆိုတာကလည်း ယုံကြည်မှုကြောင့်
ဖြစ်လာတဲ့ စိုးရိမ်မှု တစ်ခုပဲ။

မယုံကြည်တာလားလို့ မေးတဲ့ လူတစ်ယောက်က
ယုံကြည်ချင်လို့ မေးနေတဲ့ လူတစ်ယောက်အကြောင်း
စဉ်းစားမိပါ့မလား။

နောက်ကျောကို ထိုးတဲ့ ဓါး ဇာတ်လမ်းတွေမှာ
မယုံကြည်ရတဲ့ လူတွေအကြောင်း မပါဘူး။
ယုံကြည်ရတဲ့ လူတွေပဲ ဇာတ်သိမ်းပိုင်းမှာ
တရားခံ ဖြစ်နေကြတယ် မဟုတ်လား။

အကြောင်းပြချက်ရှိမှာပါလို့ မျှော်လင့်မိတဲ့အခါ
မယုံကြည်တာလားလို့ …. ပြန်အမေး ခံရတယ်။
မေးခွန်းကို မေးခွန်းနဲ့ ပြန်သတ်တယ်။
အချစ်ကို …. အချစ်နဲ့ ပြန်သတ်တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)