တကယ်ချစ်ရင် အတိတ်ကို လက်ခံပေးရမယ် ဆိုတာလေးတွေ ခဏခဏ ဖတ်ရတော့ ကျွန်တော်လည်း နည်းနည်းပါးပါး တွေးမိတယ်။ အတိတ်ကို လက်ခံဖို့ဆိုတာ သူတို့ ပြောနေသလောက် လွယ်သလား ဆိုတာကိုပေါ့။ တကယ့်လက်တွေ့မှာ အဲ့ဒီအတိတ် ဆိုတာကြီးကြောင့် ဆုံးဖြတ်ရ ခက်ခဲတဲ့ အခြေအနေတွေကို ဖြစ်စေတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။

အတိတ်ဆိုတာ အတိတ်မှာပဲ အမြဲ ရှိတတ်ကြတယ်။ အတိတ်မှာ ရှင်သန်နေတဲ့ လူတစ်ယောက် မဟုတ်ဘူး ဘယ်နှယ့်က ဘယ်လို လို့ ပြောနေကြပေမယ့် တကယ် လက်တွေ့မှာတော့ အတိတ်ဆိုတာကြောင့်ပဲ နောက်ဆက်တွဲ ဆိုးကျိုးတွေ အမြောက်အမြားရှိနေတာ တွေ့နေရတယ်။ အတိတ်က ဖြစ်ရပ်တွေ လုပ်ရပ်တွေကြောင့် ဒီကနေ့ မျက်နှာမပြနိုင်တဲ့ သူတွေ ရှိတယ်။ အတိတ်ထဲမှာ ပိတ်မိနေဖို့ မဆိုလိုပေမယ့် အတိတ်ကို မေ့ဖို့၊ လက်ခံဖို့ ဆိုတာတွေက လွယ်လွယ် ဖြစ်လာနိုင်တဲ့ အခြေအနေတွေ မဟုတ်ဘူး ဆိုတာတော့ လက်ခံရပါတယ်။ ဒီစာထဲမှာလည်း အဓိက အဲ့ဒါကို ပြောချင်တာပါ။ လက်တွေ့ကျကျ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

စုံတွဲတစ်တွဲ ပြဿာနာ တက်ကြတယ်။ ကောင်မလေးက အရင်ကောင်လေးနဲ့ အဆင့်ကျော်ပြီး ငြိစွန်းခဲ့ကြတယ်။ ဒါကို လက်ရှိကောင်လေးက သိတယ်။ ဒါပေမယ့် လက်ခံပေးထားတယ်။ အရင် ငြိစွန်းခဲ့တဲ့ ကောင်လေးက ပေါ်တင်ဖွတယ်။ ဖွတဲ့ ကောင်လေးရဲ့ ကိုယ်ကျင့်တရားက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ အိုကေ ဖြစ်လာတဲ့ အခြေအနေတွေက အရမ်းဆိုးရွားတယ်။

ဒီအချိန်မှာ လက်ရှိ ကောင်လေး … အနေနဲ့ ဘယ်လို ရင်ဆိုင်မလဲ? ၊ သူ့ ပတ်ဝန်းကျင်က ပြစ်တင်ရှုံ့ချမှုတွေ အနည်းအများ ရှိလာမယ်။ အသိုင်းအဝိုင်းတွေကရော ဘာတွေ ပြောလာမလဲ? ညီအစ်ကို မောင်နှမ စတာတွေကရော ဘာပြောကြမလဲ။ ဒီအချိန်မှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်နဲ့ ဆိုတဲ့ ခပ်ပေါ့ပေါ့ စကားလုံးတွေနဲ့ ဖာထေးပစ်ဖို့ မလွယ်ဘူး။ တကယ်လက်တွေ့ အခြေအနေမှာ သူအနေနဲ့ လုံးဝအကြပ်အတည်း ဖြစ်နေမှာပဲ။
တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်ပြီး blah blah ပြောနေမယ့် အစား လက်ရှိ မြန်မာ့လူနေမှု အဖွဲ့အစည်းအရ ဖြစ်နေတဲ့ အခြေအနေတွေ လက်တွေ့ ကျကျ ခံစားချက်တွေကို ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

ဒါတောင် သူ့အနေနဲ့ အစကတည်းက သိခဲ့လို့ ပေါ့။ မသိတဲ့ အခြေအနေမှာဆိုရင်ရော ..? သိသာသိ မမြင်စေနဲ့ ဆိုတာမျိုး တချို့ကိစ္စတွေက သိရုံနဲ့ ခံစားရပေမယ့် အဲ့ဒီကိစ္စတွေ တစ်ကြော့ပြန် မျက်ဝါးထင်ထင် အသက် ပြန်ဝင်လာတဲ့အခါမှာ ဆယ်ဆ အဆနှစ်ဆယ် ပိုခံစားရစေပါတယ်။ အလားတူ အဖြစ်မျိုးကို အစကမသိခဲ့ဘဲ နောက်မှ သိတဲ့ စုံတွဲတွေလည်း ရှိကြပါတယ်။ ပြဿာနတွေ တက်ကြတာမျိုးတွေလည်း တွေ့ဖူးတယ်။

တကယ်ဖြစ်စဉ်တွေမှာ တကယ်ချစ်ရင် အတိတ်ကို လက်ခံဖို့ ဘယ်နှယ့်ဘာညာ ဆိုတာ တစ်ရာဖိုး သုံးပုဒ်တွေထဲ ရေးထားတာထက် ပိုပြီး ခက်ခဲတယ်။ လေးလေးနက်နက် ရှိပါတယ်။ စာတွေထဲမှာ လွယ်လွယ် ရေးလို့ရပေမယ့် တကယ့်လက်တွေ့မှာ အတိတ်က ပြဿာနာတွေကို ပြန်လည် ယူဆောင်လာနိုင်ပါတယ်။

ဥပမာ ကောင်မလေးက အရင်က ရည်းစားတွေ ရှုပ်ခဲ့တယ်။ လက်ရှိကောင်လေးက မသိဘူး။ တစ်ချိန်ကျမှ သိတယ်။ ဘာလို့ မပြောခဲ့တာလဲ မေးတော့ ။ ဒီအချိန်မှာ ငါ့ကို ချစ်ရင် အတိတ်ကို လက်ခံရမယ်ဆိုပြီး ချင်ချင်းကြီး ဇွတ်လက်ခံအောင် တိုက်တွန်းဖို့ မသင့်တော်ဘူး။

အတိတ်ကို လက်မခံနိုင်ဘူး လက်မခံသင့်ဘူလို့ ပြောချင်တာ မဟုတ်ပါဘူး။ ပြောချင်တာက အတိတ်ကို လက်ခံစေချင်တယ်ဆိုရင် အတိတ်နဲ့ ပတ်သက်ပြီး ဝန်ခံထားဖို့ လိုတယ်။ အတိတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောထားဖို့ လိုတယ်။ ဒါဆိုရင် တစ်ဖက်က လက်ခံမယ်ဆိုလည်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင်သိမြင်ပြီး ရဲရဲဝံ့ဝံ့ လက်ခံနိုင်တယ်။

ဥပမာ … လက်ဆောင်ပစ္စည်းလေး တစ်ခု .. လှလှပပ ပါဆယ်ထုတ်ထားတယ်။ အထဲမှာ ဂျင်းတက်လေး တစ်တက် ထည့်ထားတယ်။ ဘာပစ္စည်းမှန်းမသိဘဲ .. ရင်ခုန်စွာနဲ့ ယူတယ်။ ဖွင့်ကြည့်တော့ ဂျင်းဖြစ်နေတယ်။ ဘယ်လောက် ခံစားရမလဲ။ အကယ်၍သာ အထဲမှာပါတာ ဂျင်းလို့သာ အစောကတည်းက ပွင့်ပွင့်လင်းလင်း ပြောပြီး ပေးခဲ့ရင် ယူတဲ့သူလည်း သိပြီးသားမို့ ရဲရဲဝံ့ဝံ့ ယုံကြည်စွာ ယူနိုင်တယ်။ ဂျင်းမှန်းသိရဲ့နဲ့ လက်ခံတာနဲ့ မသိဘဲ လက်ခံခဲ့ပြီး တစ်ချိန်ကျမှ ဂျင်းဖြစ်မှန်းသိတာ ဂျင်းချင်းတူပေမယ့် ခံစားရတာ …. ကွာတယ်။ ရင်ဆိုင်ဖို့ ပိုခက်ခဲတယ်။

အားလုံးကို ခြုံပြီး ပြောရရင် တကယ်ချစ်ရင် အတိတ်ကို လက်ခံနိုင်ကောင်း လက်ခံနိုင်လိမ့်မယ်။ ဒါပေမယ့် အဲ့ဒါဟာ ပေါ့ပေါ့ရွှတ်ရွှတ် အရာတစ်ခုမဟုတ်ဘဲ လေးလေးနက်နက် စွန့်စားမှု တစ်ခုဆိုတာကို လက်ခံရမယ်။ အတိတ်ကို လက်ခံတယ် ဆိုတာကို လွယ်လွယ် မျက်စိမှိတ်ခဲ့တယ်လို့ ထင်နေရင်တော့ အဲ့ဒီလို လူတစ်ယောက် အတွက် အတိတ်ကို လက်ခံပေးပြီး ချစ်ရတာ မတန်ဘူး။

အတိတ်ကို လက်ခံစေချင်တယ်ဆိုရင် အတိတ်နဲ့ ပတ်သက်ပြီး ဝန်ခံထားဖို့ လိုတယ်။ ဒါဟာ စွန့်စားမှု တစ်ခု ဖြစ်နေတဲ့ အတွက် အတိတ်ကို လက်ခံပေးတဲ့ သူကိုလည်း အသိအမှတ်ပြုဖို့ လိုတယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)