ယုံကြည်တယ်ဆိုတာ မှားတယ် မှန်တယ် ဆိုတာထက် အခိုင်အမာ လက်ခံမှု တစ်ခုပေါ့။

ယုံကြည်ရာ တစ်ခုအတွက် အသက်ကို စွန့်တဲ့ သူတွေ ရှိတယ်။ ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ ခက်တယ်။ လွယ်လွန်းတဲ့ အခါတွေလည်း ရှိတယ်။ ဘာမဟုတ်တာလေးနဲ့ ယုံကြည်မှု ရသွားနိုင်သလို၊ တကယ် အသွေးထဲ အသားထဲက ကြိုးစားနေရင်တောင်မှ ယုံကြည်မှု ဆိုတာ ရချင်မှ ရတာ။ ဘယ်လိုပဲရရ ဈေးကြီးတယ် ဆိုတာတော့ သိထားတယ်။

အချိန်အကြာကြီး တည်ဆောက်ထားတဲ့ ယုံကြည်မှုတစ်ခု .. ပျက်စီး သွားရင် ပြန်တည်ဆောက်ဖို့ မလွယ်ဘူး။

မရှိတဲ့ ယုံကြည်မှုကို တည်ဆောက်ရတာထက် ပျက်စီးသွားတဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ရတာ ပိုခက်တယ်။

ယုံကြည်မှု မခံရသေးတဲ့ အချိန်ထက် ယုံကြည်မှု ပျက်စီး ယိုယွင်းသွားတဲ့ အချိန်က ပိုပြီး ဆိုးကျိုးများတယ်။

မျှော်လင့်ချက်…၊ သူကလည်း မသေချာမှု တစ်ခုပဲ။ ၊ အဲ့ဒီ မသေချာမှုကို ဖြစ်လားမလား ဆိုပြီး မျှော်လင့်နေတာပေါ့။ အကောင်းတွေ ဖြစ်လာမယ်လို့ ထင်နေတာမျိုး၊ တစ်ခါတလေ မျှော်လင့်ချက်တွေက အရမ်း ပြင်းထန်နေတဲ့အတွက် ယုံကြည်မှု သဖွယ် ဖြစ်လာတယ်။ ဒါ့ကြောင့် လည်း မျှော်လင့်ချက်တွေ ရိုက်ချိုး ခံရရင် ကြေကွဲရတယ်။

ကျိန်းသေ သိနေတဲ့ အရာ ဆိုတာကျ ငြင်းလို့ မရဘူး။ ၁ + ၁ = ၂ စသဖြင့် ကျိန်းသေတဲ့ အရာမျိုးတွေပေါ့။ ယုံကြည်မှု ထက် ပိုပြီး ခိုင်မာတယ်။ မျှော်လင့်ချက်ထက် ပိုပြီး သေချာတယ်။ ရိုးရှင်းတယ်။

လောကမှာ ယုံကြည်နေတဲ့ အရာတွေ ရှိတယ်။ မျှော်လင့်မိနေတဲ့ အရာတွေလည်း ရှိတယ်။ ကျိန်းသေကို သိနေတဲ့ အရာတွေလည်း ရှိတယ်။ အဲ့ဒီထဲမှာ တချို့အရာတွေက ကစားတတ်တယ်။

မသေချာတဲ့ အရာတွေ အပေါ်မှာ အခြေခံ ထားရင်တောင်မှ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေက သေချာနေတဲ့ အရာတွေ အဖြစ် ဟန်ဆောင်ပီး ကျွန်တော်တို့ကို ကစားနေတတ်တယ်။

မသေချာဘူး ဆိုတာကိုလည်း မသိစိတ်က သိထားပါတယ်။

ဒါပေမယ့် ကျွန်တော်တို့က လူသားတွေလေ၊ သက်ရှိ ဆန်နေတဲ့အခါ … ဘာမှ .. မတတ်နိုင်ဘူး …။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)