ရှေးတုန်းက မောင်ပုည ဆိုတဲ့ သူဆင်းရဲ တစ်ယောက် ရှိတယ်။ သူ့မိန်းမက စီးပွာရေးအဆင်မပြေတာနဲ့
ပတ်သက်ပြီး ညည်းတိုင်း မောင်ပုညက ကောင်းကင်ကို မော့ကြည့်ပြီး “ငါတို့ စီးပွားရေး အဆင်ပြေလာမှာပါ” လို့ အမြဲပြောတယ်။ ဒါကလည်း မောင်ပုညက သူ့မိန်းမကို
နှစ်သိမ့်တာပါ။ ကြာလာတဲ့အခါ သူ့မိန်းမက သူ့ယောက်ျားဟာ ဗေဒင်ပညာတွေ အကြားအမြင်ပညာတွေ
တတ်လို့ အခုလို ကြိုပြောနေတာလို့ ထင်လာတယ်။
တစ်ရက်ကျ ရွှေနန်းတော်မှာ ရှင်ဘုရင့် ပွဲတော်အုပ် ပျောက်သွားတယ်။ မူးကြီးမတ်ရာတွေနဲ့
တိုင်ပင်ပြီး ရှင်ဘုရင် ပွဲတော်အုပ် ပြန်ရှာပေးနိုင်တဲ့သူကို ဆုတော်ငွေ ချီးမြှင့်မယ်ဆိုပြီး
ကြေငြာမောင်းခတ်လိုက်တယ်။ မောင်ပုညရဲ့ အမျိုးသမီးဟာ သူယောက်ျား အကြားအမြင်ရနေတယ်လို့
ယုံကြည်နေတဲ့အတွက် ပျောက်သွားတဲ့ ရှင်ဘုရင့် ပွဲတော်အုပ်ကို ပြန်ရှာနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။
အဲ့ဒါကြောင့် ဆုတော်ငွေကို လက်ခံထားလိုက်တယ်။ မောင်ပုည ပြန်ရောက်တော့ သူ့မိန်းမက အကျိုးအကြောင်း
ပြောပြတဲ့အခါ မောင်ပုည သူ့မိန်းမကို စိတ်တိုပါတော့တယ်။ တကယ်တော့ မောင်ပုညဟာ ဘာမှမတတ်ပါဘူး။
သိပ်မကြာခင်မှာပဲ မောင်ပုညကို ရွှေနန်းတော်က လာခေါ်ပါတော့တယ်။ ဟိုရောက်တော့
ရှင်ဘုရင်က ပွဲတော်အုပ် ဘယ်နေရာမှာလဲ မေးပါတယ်။ မောင်ပုညလည်း ဘာမှ မကြံတတ်တော့တဲ့ အတွက်
(၇) ရက် အချိန်ပေးဖို့ ပြောပြီး ပြန်လာခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း မောင်ပုည စဉ်းစားနေခဲ့တယ်။
ဘာလုပ်ရမှန်းလည်း သူမသိပါဘူး။ ဒီလိုနဲ့ (၇) ရက်မြောက်တဲ့နေ့ ဝေလီဝေလင်းမှာ သူဟာ ရွာထိပ်က
သစ်ပင်ကြီးမှာ ကြိုးဆွဲချပြီး သက်သေဖို့ ထွက်လာခဲ့ပါတယ်။ မောင်ပုညလည်း ရွာထိပ်က သစ်ပင်ကြီးပေါ်တက်ပြီး
ကြိုးချည်နေတဲ့အချိန်မှာ သစ်ပင်အောက်ကို လူတစ်စုရောက်လာပါတယ်။ အဲ့ဒီလူတွေက သူတို့နဲ့အတူပါလာတဲ့
ပစ္စည်းတစ်ခုကို သစ်ပင်အောက်မှာ မြုပ်နှံပြီး ပြန်လည်ထွက်ခွာသွာကြပါတယ်။ သူတို့ပြန်သွာတော့
မောင်ပုညလည်း ဆင်းတူးကြည့်တဲ့အခါ ရွှေနန်းတော်က ပျောက်သွားတဲ့ ရှင်ဘုရင့် ပွဲတော်အုပ်ဖြစ်နေပါတော့တယ်။
မနက်လင်းတဲ့အခါ ရွှေနန်းတော်က မောင်ပုညကို လာခေါ်ပါတယ်။ ဟိုရောက်တော့ ရှင်ဘုရင်က
ပွဲတော်အုပ် ဘယ်မှာလဲ မေးပါတယ်။ မောင်ပုညကလည်း ဟိတ်ဟန်အပြည့်နဲ့ သူတို့ရွာထိပ်က သစ်ပင်ကြီးအောက်မှာ
သွာတူးကြည့်ဖို့ ပြောပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ရှင်ဘုရင့် ပွဲတော်အုပ် ပြန်တွေ့သွားပါတော့တယ်။
ရှင်ဘုရင်လည်း မောင်ပုညကို လေးစားသွားပါတယ်။ ဒါ့ကြောင့် မောင်ပုညကို နန်းတွင်မှာ ပညာရှိ
အတိုင်ပင်ခံ အမတ်ကြီးအဖြစ် ခစားစေခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့ကျ သူတို့တိုင်းပြည်ကြီးမှာ မိုးခေါင်ပါတော့တယ်။ ရှင်ဘုရင်က
မောင်ပုညကို မိုးဘယ်တော့ ပြန်ရွာလာမှာလဲ မေးပြန်တယ်။ ဒီတစ်ကြိမ်လည်း မောင်ပုည အခက်တွေ့ပြန်ပါပြီ။
အရင်နည်းတူ အချိန် (၇) ရက် တောင်းလိုက်ပါတယ်။ မောင်ပုညလည်း စိတ်ညစ်ညစ်နဲ့ တောထဲကို
ထွက်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ဖားထီးကြီးက နောက်နှစ်ရက်လောက်နေရင် မိုးရွာမယ်ဆိုတဲ့အကြောင့်
ဖားမကြီးကို ပြောတဲ့စကားသံကို မောင်ပုည ကြားလိုက်ရပါတယ်။ သူလည်းချက်ချင်း နန်းတော်ကိုပြန်လာပြီး
ဖားထီးကြီးပြောတဲ့အတိုင်း နောက်နှစ်ရက်လောက်နေရင် မိုးရွာမယ်ဆိုပြီး ဟိတ်ဟန်အပြည့်နဲ့
ရှင်ဘုရင့်ကို လျှောက်လိုက်တယ်။
နောက်နှစ်ရက် လောက်နေတော့ မောင်ပုညပြောတဲ့အတိုင်း မိုး သည်းထန်စွာ ရွာသွန်းပါတော့တယ်။
အဲ့ဒီချိန်အချိန်မှာ ရှင်ဘုရင်ဟာ ပွဲတော်မတည်းတော့ဘဲ ဟင်းပေါင်းစုံလင်လှတဲ့
ရှင်ဘုရင့် ပွဲတော်(ထမင်းဝိုင်း) ကို မောင်ပုညကို ကျွေးပါတယ်။ ရှင်ဘုရင်က မောင်ပုညအပေါ်
လေးစားသတဲ့ လေးစားလာတယ်။ ရှင်ဘုရင်ကတော့ မောင်ပုည စားနေတာကို ပုလ္လင်ပေါ်ကနေ ကြည့်နေရှာတယ်။
မောင်ပုညလည်း ရှင်ဘုရင့်ပွဲတော်ကို စားကောင်းကောင်းနဲ့ အသားကုန် နင်းကန်စားတော့
ထမင်းနင် ပါတော့တယ်။ ဒီအချိန်မှာ မောင်ပုညဟာ လည်ချောင်းထဲမှာ နင်နေတဲ့ ထမင်းလုပ်ကို
အစာအိမ်ထဲ အလွယ်လျှောကျအောင်ဆိုပြီး လည်ချောင်းကို ဆန့်လိုက်ပါတယ်။ အဲ့ဒီ အပြုအမူကို
တွေ့တဲ့ ရှင်ဘုရင်က ပလ္လင်ပေါ်ကနေကြည့်ပြီး စဉ်းစားပါတယ်။
မောင်ပုညက ငါကိုယ်တော် နေတဲ့ နေရာကို မေးထိုးနေတယ်။ ငါကိုယ်တော်နေတဲ့ နေရာ
ဘာများ ဖြစ်နိုင်လို့ပါလိမ့်။ ပညာရှိအမတ်ကတော့ အလကား မေးမထိုးနိုင်ဘူး။ ဒီနေရာမှာ အန္တရာယ်ရှိပုံ
ရတယ် တခြားနေရာရှောင်နေမှ ဆိုပြီး တွေးဆမိတဲ့အတွက် ရှင်ဘုရင်က ပလ္လင်ပေါ်ကနေ နေရာပြောင်းထိုင်ပါတယ်။
အဲ့ဒီလို ပြောင်းထိုင်ပြီးတဲ့အချိန်မှာပဲ ရှင်ဘုရင့် ပုလ္လင်တော်ကို မိုးကြိုးပစ်ချလိုက်ပါတော့တယ်။
…………………….။
တိုးတက်အောင်(ပဲခူး)
ငယ်ငယ်က အဖေအမြဲပြောပြတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ မှတ်မိသလို ပြောပြတာပါ။
1 Comments