မိုးရေစက်တို့ အရှိန်အဟုန်နှင့်
ကျဆင်းလျက်ရှိနေသည်ကို ပြုတင်းပေါက်မှတစ်ဆင့် မြင်နေရပြီး၊ အသံနှင့်လည်း ကြားနေရသည်။
ကော်ဖီတစ်ခွက်စီနှင့် သူငယ်ချင်းနှစ်ယောက် ကွန်ပျူတာရှေ့တွင် ထိုင်နေကြသည်။ နှစ်ယောက်စလုံး
ကွန်ပျူတာ မျက်နှာပြင်ပေါ်မှ မခွာဘဲ ကြည့်နေကြသည်။ အဓိက အလုပ်ရှုပ်နေသူမှာတော့ ဇင်ဖြိုး
ဖြစ်သည်။
Facebook တွင် နာမည် တစ်ခုကို
ရိုက်ပြီး ထိုနာမည်နှင့် အကောင့်များအားလုံးကို ဝင်ကြည့်နေသည်။ မွေးနေ့၊ ဇာတိ၊ နေထိုင်ရာ
မြို့ စသည်တို့ကအစ လိုက်ကြည့်နေကြသည်။ ထိုကဲ့သို့ ပေါ်လာသည့် နာမည်တူနေသည့် အကောင့်ပေါင်း
များစွာကို ဓာတ်ပုံလေးတစ်ပုံနှင့် တိုက်ကြည့်နေသည်။
“မင်းဟာက အလုပ်ဖြစ်ပါ့မလားကွာ”
ဘေးနားက သူငယ်ချင်း ဝေယံက မေးလိုက်သည်။
“ဖြစ်ဖို့ ရာခိုင်နှုန်း နည်းတာပေါ့ကွာ
… ၁၀ % ပဲ ရှိလည်း ရှာကြည့်ရမှာပဲ”
ဇင်ဖြိုးက ဝေယံ ထင်ထားသည်ထက်ပင်
စိတ်အား ထက်သန်နေသည်။
“တကယ်လို့ သူ့ Account ထဲ မင်း
ရောက် ခဲ့ရင်တောင် … သူ့ကို မင်း တကယ် မှတ်မိပါ့မလား..”
“မသေချာဘူး … ဒါပေမယ့် ခုနက
ပြောသလိုပဲ ၁၀% ပဲ ရှိလည်း ရှာကြည့်မှာပဲ”
ဇင်ဖြိုးက မဆိုင်းမတွပင် ချက်ချင်း
အဖြေပေးသည်၊ မသေချာခြင်းကို စိတ်အားထက်သန်မှုက အနိုင်ယူထားသည်။
“အေးပါကွာ … မင်းလည်း ဟိုကဖြင့်
ဘယ်ဆီရောက်လို့ ဘာတွေဖြစ်နေမယ်မှန်း မသိ”
“သူငယ်တန်းကနေ ၄ တန်းနှစ်စ
အထိ အတူတူ ကျောင်း တက်ခဲ့တယ် အဲ့ဒီ မူလတန်းဆိုတာလည်း ဘဝမှာ အစိတ်အပိုင်း တစ်ခုအနေနဲ့တော့ ကျန်ခဲ့မှာပဲ ငါဆို
မူကြိုက ကိစ္စတချို့တောင် မှတ်မိသေးတယ် … ဆရာမကို နှုတ်မဆက်ဘဲ ခိုးပြန်တာ နှစ်ရက်”
တခုတ်တရ ပြောရလောက်အောင် မူလတန်းက
အရေးမပါ၊ အမှတ်တရ သိပ်မရှိ၊ အမှတ်ရစရာ နှလုံးသား ခံစားတတ်မှုများ မမွေးဖွားသေး၊ သို့သော်
မူလတန်းက အရွယ်သည် မူလတန်းတက်ခဲ့သည်ကိုပင် လွယ်လွယ်ကူကူ မေ့လောက်သည့် အရွယ် မဟုတ်တော့ပါ။
ဇင်ဖြိုးအတွက်တော့ မည်သည့် အရာမှန်း မသိသည့် ခံစားမှုတစ်မျိုးက ထိုအချိန်ကတည်းက ရှိနေခဲ့သည်။
“သူမင်းကိုမှတ်မိနိုင်လား
?”
“ငါကတော့ .. အမြဲသတိရနေတာ ဘယ်ဆီရောက်လို့
ဘာတွေများ လုပ်နေမလဲပေါ့”
ထိုအခိုက် ဇင်ဖြိုး မျက်လုံးများသည်
ကွန်ပျူတာ မျက်နှာပြင် ပေါ်တွင် မရှိတော့ဘဲ လက်ထဲက ဓာတ်ပုံလေး ထံသို့ ရောက်သွားသည်။
ငြိမ်သက်စ ပြုလာပြီး အတိတ်က အကြောင်းများဆီသို့ …..၊
ဇင်ဖြိုး ၃ တန်း ကျောင်းသားဘဝ၊
စာသင်ခန်းတွင်း အပြောင်းအလဲ တချို့ ဖြစ်သည်။ အတန်းပိုင် ဆရာမသည် မွမ်းမံသင်တန်း တစ်ခု
တက်လာပြီး ပြန်ရောက်လာသူ ဖြစ်သည်။ သင်တန်းမှာ မည်သည့် အကြောင်းအရာများ သင်ခဲ့ရသည် မသိ၊
စာသင် ခုံများကို မျက်နှာချင်ဆိုင် နှစ်ခုံ တစ်တွဲ စီလိုက်သည်။ ကျောက်သင်ပုန်းနှင့်
ထောင့်မှန် အနေအထား အရှည်လိုက် ရွှေ့လိုက်သည်။ ထို့နောက် အတန်းများကို စတင်၍
Rotate လှည့်သည်။
အတန်းပိုင်ဆရာမ၏ အတန်းလှည့်စနစ်ကြောင့်
ရက်သတ္တပတ် တစ်ခုလျှင် တစ်ရက် သောကြာနေ့တိုင်း သိမ့်သူ တို့ အတန်းနှင့် ဇင်ဖြိုးတို့အတန်း
မျက်နှာချင်းဆိုင်ထိုင်ရသည်။ ထိုနေ့ရောက်တိုင်း ဇင်ဖြိုး ပျော်သည်။ သိမ့်သူကို မြင်နေရလျှင်
ဇင်ဖြိုး ကျေနပ်၊ သိမ့်သူ၏ ပြောစကားများကို အမြဲတမ်း မသိမသာ နားထောင်နေလေ့ ရှိသည်။
“ကဲ ထူး/ထက် အတွက် ဆရာမတို့
ရွေးထားတဲ့ လူစာရင်းကို ပြောပါမယ်”
အတန်းပိုင် ဆရာမက ထူးချွန်ထက်မြတ်
အတွက် လူရွေးထားသည့် စာရင်း ကြေငြာတော့မည် ဖြစ်သည်။
“သိမ့်သူ၊ ဇင်ဖြိုး၊ မေသူ၊
သီရီ”
သိမ့်သူ၊ မေသူ၊ သီရီ တို့သည်
တစ်တန်းတည်း ထိုင်သည့် သူငယ်ချင်းများ ဖြစ်ကြသည်။ သိမ့်သူနှင့် ဇင်ဖြိုးသည် ထိုအချိန်က
ပထမနှင့် ဒုတိယ တစ်ယောက် တစ်လှည့် ဖြစ်ခဲ့ဖူးသည့် နှစ်များရှိသည်။ ဇင်ဖြိုးက သိမ့်သူ
အပေါ် ပြိုင်ဘက် တစ်ယောက်လို့ မမြင်ခဲ့ပါ၊ ဘာကြောင့်မမြင်ခဲ့မှန်းကိုတော့ မသိ။
“အခုပြောလိုက်တဲ့သူတွေ မနက်ဖြန်
.. ဆရာမအိမ်ကို လာခဲ့ကြပါ အကြို ပြင်ဆင်ရမှာတွေ ရှိတယ်”
သောကြာနေ့သည် အချိန်အလိုလို
ကုန်သွားသည်၊ ကျောင်းဆင်း ခေါင်းလောင်းသံနှင့်အတူ အဖြူအစိမ်းတို့ အိပ်တန်းတက်ချိန်
ရောက်လာသည်။
မနက်ကတည်းက မိုးရွာထားသောကြောင့်
မိုးရေစက်တို့သည့် သစ်ရွက်လေးများပေါ်တွင် တွဲလဲခိုလျက်ရှိသည်။ ဆရာမအိမ်တွင် ဖြစ်သည်။
ဇင်ဖြိုးတို့အဖွဲ့ မနက်ကတည်းက ထူး/ထက်အတွက် ပြင်ဆင်နေကြရသည်။
“ဆရာမက အနား ပေးထားတာဆိုပေမယ့်
ပျင်းတယ်ဟ ကစားသင့်တယ်”
မေသူက အစဖော်လိုက်သည်။
ဇင်ဖြိုးက ယောက်ျားလေး တစ်ယောက်တည်း
ဖြစ်သည့်အတွက် မဆိုင်သလိုပင် နေနေသည်။ ပြီးတော့ သူက မိန်းကလေးတစ်ယောက်နှင့် စကားပြောရမှာကိုပင်
အင်မတန် ဝန်လေးသူ ဖြစ်သည်။
“ဇင်ဖြိုး .. နင်လည်း ပါလေဟာ
.. လူမရှိလို့”
ဇင်ဖြိုး မျက်လုံးပြူးသွားသည်။
မိန်းကလေးတစ်ယောက်နှင့် စကားပင် ကောင်းကောင်း မပြောရဲသူကို အတူတူ ကစားရမည် ဆိုသည်မှာ
.. ခက်ခဲလှသည်။
“ကစားနည်းက ရိုးရှင်းတယ် …
တစ်ယောက် ဟိုဘက်လှည့်နေ … ကျန်တဲ့သူတွေက မျက်လုံးကို လက်နဲ့ အုပ်မယ် … ကိုယ့်ကို အုပ်တဲ့သူကို
မှန်အောင် ပြောနိုင်ရင် … အပြောခံရတဲ့သူက …. ပြန် အုပ်ခံရမယ်”
ယောက်ျားလေး တစ်ယောက်တည်း ဖြစ်သည့်
ဇင်ဖြို အရင် ကံစမ်းမဲပေါက်သည်။ ထို့နောက် နူညံ့သော လက်တစ်စုံကို ဇင်ဖြိုး၏ မျက်နှာသို့
အနောက်က လှမ်းအုပ်လိုက်သည်။ ထို့နေ့က လက်တစ်စုံ၏ နူးညံ့မှုကို ဇင်ဖြိုး အမြဲမှတ်မိနေတော့မည်။
------------------x------------------
အချိန်တွေဟာ ဘာမှန်းမသိဘဲ ကုန်လွန်သွားခဲ့ပြီး၊
ဇင်ဖြိုးကိုယ်တိုင်လည်း လေးတန်းကျောင်းသား တစ်ယောက် ဖြစ်လာပြီ။ ကျောင်းဖွင့်ခါစမို့
ကျောင်းသားတိုင်းလိုလို တက်ကြွနေသည်။ နွေပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ ခွဲနေခဲ့ရသည်၊
ဒါသည်လည်း လွမ်းစရာ ကောင်းလှသည်။ စာတော်သည့် ကျောင်းသားဖြစ်စေ၊ မတော်သည့် ကျောင်းသား
ဖြစ်စေ၊ စာသင်နှစ်စ ပထမဆုံးနေ့ ကျောင်းတက်ရတာ ပျော်ကြသည်။ သို့သော် …၊
“ငါ ရန်ကုန်ကို ပြောင်းတော့မယ်”
သိမ့်သူ၏ စကားကြောင့် ဇင်ဖြိုး
တစ်ယောက် ငိုင်သွားသည်။ လေးတန်း ကျောင်းသားလေးမို့
အများကြီးလည်း မတွေးမိ၊ စိတ်ထဲ ဝမ်းနည်းသလိုတော့ ဖြစ်မိသည်။ သူငယ်ချင်း တစ်ယောက် ခွဲခွာရတော့မည်
ဆိုသော အသိက ခေါင်းထဲဝင်လာဟန် တူသည်။
“ နင် … ပဲခူးကို ပြန်လာဦးမှာလား”
“ဟင့်အင်း … မလာတော့ဘူး .”
ပြောစရာများစွာရှိနေသည်ဟု ခံစားရသော်လည်း
မည်သို့ ပြောရမည်ကို မသိ၊ ဇင်ဖြိုးဆီက စကားလုံးများ ထပ်၍ ထွက်မလာတော့သဖြင့် သိမ့်သူလည်း
လှည်ထွက်သွားတော့သည်။ ကျောခိုင်းသွားသူကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ဇင်ဖြိုး
ရပ်ကြည့်နေမိသည်။ နောက်တစ်ရက်ကစပြီး သိမ့်သူ ကျောင်းကို ရောက်လာတော့မည် မဟုတ်သည်ကိုတော့
ဇင်ဖြိုး သိသည်။
ဇင်ဖြိုး မိုးပေါ်သို့ တစ်ချက်မော့ကြည့်လိုက်သည်။
ကောင်းကင်ကြီးမှာ မဲမှောင်လျက်ရှိသည်။ အရှိန်အဟုန်နှင့် ရွာချတော့မည့် ဟန်နှင့် ..၊ ကျောင်းဆင်းချိန်ဆို သူရောက်လာတတ်စမြဲ၊ မှတ်မှတ်ရရတစ်ခုက
အဲ့ဒီနေ့က မိုးတွေရွာခဲ့သည်။ ဇင်ဖြိုးအတွက် ဇွန်လထဲက နေ့စွဲတစ်ခုပေါ့။
တချို့ကိစ္စများသည် အဓိပ္ပါယ်ဖွင့်မရ၊
သို့သော် တည်ရှိခြင်းအတွက် အဓိပ္ပါယ်ဖွင့်စရာမလို၊ ဇင်ဖြိုရင်ထဲက ဝမ်းနည်းမှုသည် တစ်ချိန်ချိန်တော့
ဇင်ဖြိုး နားလည်နိုင်ပါလိမ့်မည်။ သူနားလည်မည့် အချိန်ကတော့ ….၊
“ဟဲ့ရောင် ငါပြန်တော့မယ်”
ဝေယံပြောကာမှ အတိတ်ပင်လယ်ထဲ
မျောနေသော ဇင်ဖြိုး သတိပြန်ဝင်လာသည်။
“ဪ … အေ .”
နံရံတွင် ချိတ်ထားသော ဂျာကင်ကို
ယူ၍ ဝေယံ ထွက်သွားတော့သည်။
ဇင်ဖြိုးကတော့ ဓာတ်ပုံနှင့်
Screen ပေါ်မှာ ပေါ်နေသော Acc များကို ဆက်လက် တိုက်ရင်း ကျန်ရစ်နေခဲ့သည်။ နံဘေးတွင်
အဖော်ပြုစရာ ကော်ဖီ တစ်ခွက်သာ ရှိသည်။ အနီးဆုံးက ကော်ဖီတစ်ခွက်နှင့် အဝေးဆုံးက တစ်ယောက်ကို
လွမ်းရသည်မှာ အရသာတော့ ရှိသည်။ သို့သော် ပျော်စရာတော့ မဟုတ်….၊
------------------x------------------
(၃) နှစ်ခန့် ကြာသော်
၂၀၁၉ ၊ ဇွန် ၁၁
မပြောင်းလဲနိုင်သော အရာမှာ
ပြောင်းလဲခြင်းသာ ဖြစ်သည်။ တည်မြဲခြင်းဆိုသည်မှာ စိတ်ကူးယဉ်ဆန်သည်။
နှစ်တွေ အလီအလီ ပြောင်းခဲ့ပြီး
နွေ၊ မိုး၊ ဆောင်း အလီလီ ပြောင်းလဲခဲ့ပြီ။ ဇင်ဖြိုးလည်း ဖိုင်နယ် ကျောင်းသား တစ်ယောက်
ဖြစ်နေပြီ။ အရင်ကလို ခံစားချက်ကို မဖွင့်ဟတတ်သည့် သူမျိုး မဟုတ်တော့ဘဲ ခံစားချက်တို့ကို
အလှပဆုံး ဖွင့်ပြနိုင်သည့် ဝတ္ထုတိုရေးသူ တစ်ယောက် ဖြစ်နေပြီ၊
ထိုကဲ့သို့ အကြောင်းအရာများ
ပြောင်းလဲသွားသော်လည်း မပြောင်းလဲသေးသည့် အရာတစ်ခု ရှိသည်။ အဲ့ဒါက အခြားမဟုတ်၊ တတိယတန်း
ကောင်မလေး တစ်ယောက်၏ ဓာတ်ပုံကို ကြည့်၍ အသက် ၂၀ အရွယ်ရှိလောက်ပြီ ဖြစ်သည့် ကောင်မလေး
တစ်ယောက်ကို ရှာနေဆဲ ဖြစ်သည်။
“ဇွဲဆုပေးလောက်တယ် …”
ဇင်ဖြိုး၏ ဇွဲကို ဝေယံက ခနဲ့လိုက်သည်။
“မသေခင်အချိန်လေးတော့ ပြန်တွေ့ချင်တယ်ကွာ
..”
ဖျော့တော့တော့ လေသံနှင့် အားမရှိဟန်ဖြစ်နေသည့်
ဇင်ဖြိုး၏ အဖြေက ရိုးရှင်းလွန်းသည်။
“လူတစ်ယောက်ကို နှစ်နဲ့ချီ
ရှာနေခဲ့တာဟာ တစ်ခုခုတော့ အဓိပ္ပါယ်ရှိသင့်တယ်”
ဝေယံက စကားခေါ်လိုက်သည်။
“လွန်ခဲ့တဲ့ ဆယ်နှစ်ကတော့ ဘာလို့လဲဆိုတာ
မသိခဲ့ဘူး … ဒါပေမယ့် အခုတော့ သိသွားပြီ ငါသူ့ကို ချစ်ခဲ့တာပဲ”
ဇင်ဖြိုးက တစ်ခါမှ ဝန်မခံဖူးသည့်
ကိစ္စကို ဝန်ခံလိုက်သည်။
“ပြန်တွေ့ရင် ကြိုးစားမှာလား”
ကြိုသိပြီးဟန် မျက်နှာပေးနှင့်
ဝေယံက မေးခွန်းတစ်ခု ထုတ်လိုက်သည်။
“သူဘယ်လို ရှင်သန်နေလဲ၊ ဘယ်လိုပုံစံမျိုး
ဖြစ်နေပြီလဲ သိချင်တာ .. သူသာ
လူလွတ် တစ်ယောက် ဖြစ်နေမယ် ဆိုရင်တော့ စကားတွေ အများကြီး ပြောဖြစ်လိမ့်မယ်”
မြှုပ်ကွက်ကလေးများ ပါနေသည့်
ဇင်ဖြိုး၏ စကားအဆုံး
“သက်ဆိုင်သူရှိနေပြီ ဆိုရင်ရော
..?”
မဆိုင်းမတွပင် ထောက်သည့် မေးခွန်း
တစ်ခု ဝေယံ့ဆီမှ ထွက်လာသည်။
“အဲ့ကျ နည်းနည်းပဲ ပြောတာပေါ့ကွာ”
နည်းခြင်း များခြင်းသည် အဓိပ္ပါယ်များစွာ
ကွာခြားမှုရှိနိုင်သည်။
“ဟာ .. လက်ခံလိုက်ပီ”
ဇင်ဖြိုး ရုတ်တရက် Friend
Request လက်ခံလိုက်သည့် တစ်ယောက်ကို ကြည့်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“သူက ဘယ်သူလဲကွ”
ဝေယံကလည်း ရုတ်တရက် ဇင်ဖြိုး
လှုပ်လှုပ်ရွရွ ဖြစ်တော့ အံ့သြပီး မေးလိုက်သည်။
“သိမ့်သူရဲ့ ငယ်သူငယ်ချင်းတွေထဲက
တစ်ယောက်ပဲ သီရိတဲ့”
“ဟာ … ဒါဆို နီးစပ်ပီပေါ့”
ဝေယံကတော့ ဝမ်းသာအားရ ပြောရှာသည်။
“သိပ်တော့ မသေချာဘူးကွ … ဒါပေမယ့်
တစ်ခုခုတော့ သိလောက်မှာပေါ့”
ဇင်ဖြိုးက Messenger မှတစ်ဆင့်
သီရိထံ စကားစလိုက်သည်။
“hi … ငါ ပါ ဇင်ဖြိုး”
စကားစလိုက်သည်။
“အေ .. ပြော … နင် မတွေ့တာတောင်
ကြာပီနော်”
ရုတ်တရက်ဆိုတော့ ထုံးစံအတိုင်း
သာကြောင်း၊ မာကြောင်း၊ မတွေ့ကြောင်းက စသည်။
“နင်သာ ပျောက်နေတာ ငါက ရှိတယ်”
“ဟုတ်ပါပီ .. ကိစ္စရှိလို့လား”
သီရိက လူကဲခတ် တော်သည့်အတွက်
တည့်မေးလိုက်သည်။
“အေ … သိမ့်သူနဲ့ အဆက်အသွယ်ရသေးလား”
ထုံစံအတိုင်း ပျောက်ဆုံးနေသော
ကောင်မလေးတစ်ယောက် အကြောင်းကို မေးလိုက်သည်။
“လွန်ခဲ့တဲ့ ၃ လ လောက်က အဆက်အသွယ်ရသေးတယ်ဟ
.. အခုတော့ မပြောဖြစ်တာ ကြာပီ”
ဇင်ဖြိုးကို ရုတ်တရက် ဆွံ့အ
သွားစေခဲ့သော စာလေး တစ်ကြောင်း ဖြစ်သည်။
၃ နှစ်ခန့် တစ်စိုက်မတ်မတ်
ရှာဖွေနေခဲ့သည့် သူနှင့် ပတ်သက်ပြီး ပထမဆုံး လမ်းစတစ်ခုကို စမြင်ရခြင်းလည်း ဖြစ်သည်။
Screen ကိုကြည့်ပြီး ဇင်ဖြိုး ကြောင်အမ်းအမ်းဖြစ်နေသည်။
“သားကြီး .. မင်း ဆက်မေးလေ”
ရုတ်တရက် ရပ်နေသော ဇင်ဖြိုးကို
ဝေယံက သတိထ ပေးရသည်အထိ ဇင်ဖြိုးတစ်ယောက် ငြိမ်ကျသွာခြင်း ဖြစ်သည်။
ထိုအချိန်တွင် သီရိထံမှ နောက်ထပ်
ဓာတ်ပုံလေးတစ်ပုံ ရောက်လာခဲ့သည်။ ထိုဓာတ်ပုံလေးမှာ ဇင်ဖြိုး၏ ရည်ရွယ်ချက် ပြည့်မြောက်သွားပြီဟု
ပြောနေခြင်းဖြစ်သလို၊ လွန်ခဲ့သော ၃ နှစ်ကတည်းက ရှာဖွေနေသည့် ဇင်ဖြိုး၏ မဖြစ်နိုင်ဟု
အများပြောနေကြသည့် ရှာဖွေခြင်းမှာ အောင်မြင်သွားပြီဟုလည်း ဆိုနိုင်သည်။
ထိုဓာတ်ပုံလေးမှာ အခြားတော့
မဟုတ် သိမ့်သူ၏ Facebook အကောင့် ဖြစ်နေသည်။
ဇင်ဖြိုးတစ်ယောက် ချက်ချင်း
Add Friend နှိပ်ရန် သိမ့်သူ Facebook Wall ပေါ်သို့ ရောက်သွားသည်။
Wall ထဲ ရောက်သည်နှင့် အချို့သော
မေးခွန်းများကို ဇင်ဖြိုး မမေးခင်ကပင် အော်တို အဖြေပေးသွားသည်။
ထိုအရာမှာ အခြားတော့ မဟုတ်
…၊
In an relationship with
Chan Myae ဆိုတဲ့ စာသားလေး တစ်ကြောင်း သူ့ Profile တွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။
ဇင်ဖြိုး မျက်လုံးနှစ်လုံးလုံး
စုံမှိတ်လိုက်သည်၊ ထို့နောက် အားတင်းသည့် ပုံစံနှင့် Add Friend ကို နှိပ်လိုက်သည်။
“သူ မှတ်မိပါစေ ဆုတောင်းကြတာပေါ့ကွာ”
ဝေယံက ဇင်ဖြိုး ကျောကို တစ်ချက်ပုတ်လိုက်သည်။
“စံတင်လောက်တယ် မင်းရဲ့ ဇွဲကို
… ဒါပေမယ့် မင်းအခု တစ်ယောက်တည်း နေချင်လိမ့်မယ်လို့ ငါထင်တယ် ငါ့ ခွင့်ပြုဦး”
ဝေယံက ဇင်ဖြိုရင်ထဲ တစ်ခုခုဖြစ်နေလိမ့်မည်ကို
သိသည်။ ထို့ကြောင့် အလိုက်တသိပင် ရှောင်သွားတော့သည်။
“အိုကေ … သူငယ်ချင်း”
ဇင်ဖြိုးကတော့ သိမ့်သူ တင်ထားသော
ဓာတ်ပုံများကို တစ်ပုံချင်းစီ ကြည့်နေခဲ့သည်။
ထို့နောက် သူ့စားပွဲပေါ်က ၃ တန်းကလေးမလေး ဓာတ်ပုံကို ပြန်ယူပြီး သိမ့်သူ၏ လက်ရှိပုံများနှင့်
ယှဉ်ကြည့်သည်။
နည်းနည်းတော့ မျက်နှာက ပြည့်လာသည်။
ယခင်က ခပ်ပိန်ပိန် ကောင်မလေး၊
အသားဖြူဖြူ ၊ ဘဲဥပုံမျက်နှာ၊ နှဖူးပြောင်ပြောင် ၊
ယခုတော့ နည်းနည်းပြည့်လာသောကြောင့်
ပါးဖောင်ဖောင်းဖြစ်နေသည်က လွဲ၍ ယခင်ကဲ့သို့ အသားဖြူဖြူ၊ ဘဲဥပုံမျက်နှာ၊ နှဖူးပြောင်ပြောင်စသည်တို့က
မပြောင်းလဲသေး၊
သိပ်လှသည့် မိန်းခလေး လောကကြီးမှာ
များများ မရှိ၊ ယခင်က ကဲ့သို့ သူ(မ) သိပ်ကံကောင်းနေဆဲ …၊
Friend Request ကို သိမ့်သူထံမှ
လက်ခံလိုက်သည့် Notification တက်လာသည်။ ချက်ချင်းဆိုသလိုပင် Call ဝင်လာသည်။ ဇင်ဖြိုး ရုတ်တရက် ငိုင်နေသည်။ သတိပြန်ဝင်လာပီး
နားကြပ်ကို တပ်လိုက်သည်။ အသက်ကို မှန်မှန်ရှူးသွင်းရင်း ဖုန်းကို ကိုင်လိုက်သည်။
“ဟယ်လို…”
မကြားရတာ ဆယ်နှစ်ခန့် ရှိပြီ
ဖြစ်သည့် အသံလေးကို ဇင်ဖြိုး မျက်စိမှတ်ပီး အားစိုက် ထောင်နေသည်။
“ဟယ်လို …ဇင်ဖြိုး .. ကြားရဲ့လား
ဟယ်လို”
သိမ့်သူကတော့ ဇင်ဖြိုး မကြားဘူးထင်သဖြင့်
ဆက်တိုက် ခေါ်နေသည် ..၊
တကယ်တော့ ဇင်ဖြိုးက သိမ့်သူ၏
အသံကို နားထောင်နေခြင်း ဖြစ်သည်။
“အ .. အေ .. သိမ့် . မတွေ့တာ
ကြာပီနော်”
ဇင်ဖြိုးက အထစ်ထစ် အငေါ့ငေါ့နှင့်
ပြောလိုက်သည်။
“အေးနော် .. နင်က ငယ်ရုပ် မပျောက်ဘူး”
သိမ့်သူက ဇင်ဖြိုး၏ မပြောင်းလဲသော
ငယ်ရုပ်ကို ပြောသည်။
“ဟုတ်လား .. နင်ကတော့ အတော်ပြောင်းလဲသွားတယ်”
ဇင်ဖြိုးကတော့ သိမ့်သူအပေါ်
ပြောင်းလဲသွားသည်ဟု မြင်နေသည်။
“နင် .. ပဲခူးမှာပဲလား”
သိမ့်သူက မေးလိုက်သည်။
“အေ .. ဟုတ်တယ် ငါ့ မှတ်မိသေးလို့
တော်သေးတယ်”
ဇင်ဖြိုးက အစက မှတ်မိပါစေဟု
ဆုတောင်းခဲ့သည်ကိုး..၊
“ဟီး …”
မခို့တရို့ ရီသံလေး ..
“ငါ့ account ကို ဘယ်လိုသိ?”
သိမ့်သူ၏ နောက်ထပ် မေးခွန်းတစ်ခု
“ဪ … သီရိဆီက ရတာ ..”
“အစစအရာအရာ အဆင်ပြေတယ်မို့လား”
သိမ့်သူ၏ နောက်ထပ်မေးခွန်းတစ်ခု
“အေ .. ပြေတယ် … ပဲခူး ရောက်ဖြစ်သေးလား”
လွန်ခဲ့သော ဆယ်နှစ်က ဖြစ်ခဲ့သလိုမျိုး
ဇင်ဖြိုးအတွက် ပြောစရာ စကားလုံး ရှားနေခဲ့သည်၊
“ငါပြောင်းသွားကတည်းက ဆိုပါတော့ဟာ ..”
ဇင်ဖြိုး ထင်ထားသည်ထက်ပင် သိမ့်သူက
ပဲခူးနှင့် အလှမ်းဝေးနေခဲ့သည်။
“ရန်ကုန်သူကြီး ဖြစ်နေပြီပေါ့လေ
…၊ ပဲခူးက နင်ရှိတုန်းကနဲ့ မတူတော့ဘူး ပြောင်းလဲသွားပြီ
.. ဒါပေမယ့် မပြောင်းလဲသေးတဲ့ လွမ်းစရာတွေ ရှိနေဆဲ”
ဇင်ဖြိုးက ရန်ကုန်သူကြီးဆိုပြီး
ခနဲ့တဲ့တဲ့ ပြောပြီး မပြောင်းလဲသေးသော အရာများကို ပြောမည့်အခိုက်
“ဘာတွေတုန်း ?”
“နာရီစင်ကြီး ရှိသေးတယ်ဟ …
၊ ပြီးတော့”
“ပြီးတော့ .. ဘာကျန်သေးတုန်း?”
“တို့တွေတက်ခဲ့တဲ့ ဘုရင့်နောင်ကျောင်းလေးလည်း
ရှိသေးတယ်လေ အခွင့်သင့်ရင် လာခဲ့ပါဦး”
ငယ်ငယ်က အတူတက်ခဲ့သည် ဘုရင့်နောင်
မူလွန်ကျောင်းလေး ..၊ ယခုတော့ အလယ်တန်း ကျောင်းခွဲ ဖြစ်နေပြီ။
“အေးပါဟာ … သတိရပါတယ်”
“ကောင်လေးရတာ ကြာပီလား”
မဆီမဆိုင်သော မေးခွန်းတစ်ခုကို
ဇင်ဖြိုး မေးလိုက်သည်။
“ဘယ်လို”
သိမ့်သူ နားထဲ တစ်မျိုး ဖြစ်သွားပုံရသည်။
“ဪ နင့် Facebook အကောင့် ထဲမှာ
တွေ့လို့ ..”
ဇင်ဖြိုးက ရိုးရှင်းသော အကြောင်းပြချက်တစ်မျိုးကို
ပေးလိုက်သည်။
“၃ လပဲ ရှိသေးတယ် …”
ဇင်ဖြိုး စိတ်ထဲ “ငါနည်းနည်း
နောက်ကျသွားတာပဲ” ဟု ရေရွတ်မိသည်။ ပြုတင်းပေါက်ကတစ်ဆင့် အဝေးကို လှမ်းကြည့်လိုက်သည်။
ကောင်ကင်ကြီးမှာ မိုးသားတို့ဖြင့် အုံ့ဆိုင်းနေသည်။
“ဪ … နင့် ပြန်တွေ့ရတာ ဝမ်းသာတယ်ဟာ”
ဇင်ဖြိုးလည်း တခြား မပြောတတ်တော့သည့်
အတွက် ခွဲခွာသူတွေ ပြန်တွေ့ခိုက် ထုံစံ စကားကိုပဲ ပြောလိုက်သည်။
“အေ ..ငါရောပဲ ပြန်တွေ့ရတာ
ဝမ်းသာပါတယ်ဟာ …”
နှစ်ယောက်လုံး စကားဆက်စရာ မရှိတော့၊
အတန်အကြာ ငြိမ်သွားသည်။
“ဪ .. ငါ ကိစ္စလေး ရှိသေးလို့
… နောက်မှတွေ့မယ်နော်”
သိမ့်သူဘက်ကပဲ နှုတ်ဆက်စကား
ဆိုလိုက်သည်။
“ဪ .. အေ…”
ဇင်ဖြိုး အလိုက်သင့်ပဲ ဖုန်းချလိုက်ရသည်။
နှစ်ရှည်လများ ဘယ်ဆီနေမှန်းမသိသည့်
အိပ်မက်ကတော့ အကောင်အထည် ပေါ်ခဲ့ပြီ။ လောကကြီးက ထူးဆန်းသည်။ နီးရက်နှင့်လည်း ဝေးနေတတ်သလို၊
ဝေးရက်နဲ့လည်း နီးစေတတ်သည်။ ပြန်မတွေ့နိုင်သည့်သူကို ပြန်တွေ့ချင်သည့် စိတ်တစ်ခုတည်းနှင့်
ရှာနေခဲ့သည့် ဇင်ဖြိုး၊
ပြုတင်းပေါက်မှတစ်ဆင့် အပြင်ကို
လှမ်းကြည့်လိုက်သည်။ မိုးတွေ အုန့်မှိုင်းလျက်ရှိသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့် လည်း
ဒီလို ကောင်းကင်ကြီး ညိုနေတဲ့အချိန် သိမ်သူနှင့်ဇင်ဖြိုးတို့ နောက်ဆုံး တွေ့ခဲ့ကြရသည်။
ယခုလည်း အုံ့မှိုင်းနေပြန်ပြီ။ ထိုညက .. ဇင်ဖြိုး အိပ်မက်လှလှ မတ်ခဲ့သည်။
“အချစ်သူရဲကောင်းကြီး!”
ဇင်ဖြိုး လှည့်ကြည့်လိုက်တော့
ဝေယံ ဖြစ်နေသည်။ ထို့နောက် တစ်ချက်ပြုံပြီး ခေါင်းငြိမ့်လိုက်သည်။
“အဆက်အသွယ်ရပြီလား”
ဝေယံကလည်း ရောက်သည်နှင့် တန်းမေးသည်။
“အေ …”
“စကားနည်းနည်းပဲ ပြောလိုက်တယ်ပေါ့”
ဝေယံက သူ့ဂျာကင်ကို နံရံတွင်
ချိတ်ရင်း အထာနှင့် မေးသည်။
“အေးပေါ့ .. ငါပြောခဲ့သလိုပဲ
နည်းနည်းပေါ့”
ဇင်ဖြိုးက သူ့စကားသူ မှတ်မိသည်။
“သူကောင်လေးရတာ ..ကြာပီလား”
မေးခွန်းများနှင့် ရောက်လာသော
ဝေယံဟုပင် ဆိုရမည်။
“၃ လ တဲ့”
ဝေယံ မျက်မှောင် ကြုံသွားသည်။
အံ့သြသွားဟန်လည်း တူသည်။
“ဟာ … မင်းရှာခဲ့တဲ့အချိန်တွေနဲ့
ယှဉ်ရင် .. ဒီလို ရေငုံ နှုတ်ပိတ် နေရလောက်အောင် သိပ်တော့ မတန်ဘူးကွာ ..”
ဝေယံက ဇင်ဖြိုးအတွက် တော်တော်
စိတ်မကောင်းဖြစ်နေပုံ၊ ဇင်ဖြိုး သိမ့်သူကို ပြန်တွေ့ရဖို့ မည်သို့ ကြိုးစားခဲ့သည်ကို
အသိဆုံးမှာ ဝေယံဖြစ်သည်။
“ထားပါလေ ..”
ဇင်ဖြိုးက အေးဆေးစွာ ပြန်ပြောသည်။
“အချစ်နဲ့စစ်မှာ … မတရားတာ
မရှိဘူး လက်ခံလား ”
ဝေယံ၏ မေးခွန်းကြောင့် ဇင်ဖြိုး
ငြိမ်သက်သွားသည်။
ခဏအကြာမှ
“လက်ခံတယ် … ဒါပေမယ့် ငါက သူ့ကို
ပြန်တွေ့ရပြီးပဲ …”
ဇင်ဖြိုး၏ အဖြေကို ဝေယံ မကျေနပ်နိုင်၊
“မင်းသူ့အပေါ် ချစ်ခဲ့တာတွေကို
. မသိနိုင်တော့ဘူးပေါ့ သူ.. အနေနဲ့ သိခွင့်လေးတောင် မရှိသင့်ဘူးလား”
ထပ်ပြီး ချောင်ပိတ်မေးခွန်းများကို
ဝေယံဆီက အဆက်မပြတ်မေးနေတော့သည်။
“ရှိသင့်တာပေါ့ .. လူတစ်ယောက်က
သူ့အပေါ် ဘယ်လောက်အထိ ရူးသွပ်ခဲ့ဖူးတယ်ဆိုတာကို”
ဇင်ဖြိုးက လက်ခံသည့် သဘောပြောသည်။
“ဒါဆို ?”
ဝေယံက .. အကြောင်းအရင်းကို သိချင်သဖြင့် ဆွဲထုတ်လိုက်သည်။
“ငါ မပြောဘဲ နေခဲ့တာ နှစ်တွေ
အများကြီး ကြာခဲ့ပြီလေ ..၊ ရင်ထဲမှာ ဆက်ပြီး သိမ်းထားတော့ဖို့ ငါ ဝန်မလေးတော့ပါဘူး
ဘာလို့လဲဆိုတော့ ..”
ဇင်ဖြိုး ရပ်သွားပြီး၊ ထုံးစံအတိုင်း
ပြုတင်းပေါက်ကို လှမ်းကြည့်လိုက်ပြန်သည်။
“ဘာလို့လဲ”
ဝေယံသိချင်စိတ်က ထိန်းမရတော့၊
ထို့ကြောင့် ..ဆန္ဒစောစွာ မေးလိုက်သည်။
“ချစ်ချင်းမေတ္တာနဲ့ လူ့ကျင့်ဝတ်
ယှဉ်လာရင် ငါ ဒုတိယ တစ်ခုကိုပဲ ရွေးချယ်ရလိမ့်မယ် သူငယ်ချင်း”
ဝေယံ့ကို ဆွံ့သွားစေသည့် အဖြေမျိုး
ဇင်ဖြိုးထံမှ ထွက်လာသည်။
ထို့နောက် အေးဆေးတည်ငြိမ်စွာဖြင့်
Youtubeမှ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပြီး နောက်သို့ မှီချလိုက်သည်။ ပြုတင်းပေါက်မှတစ်ဆင့်
အဝေးတစ်နေရာကို လှမ်းကြည့်နေသည်။ ကောင်းကင်ကြီးမှာလည်း … အုံ့မှိုင်းနေပြန်သည်။
“မင်းရှိမှာပဲလို့ ♩ ♪ ♫ ♬ စိတ်ကထင်ထားလည်း ♩ ♪ ♫ ♬ ငါရောက်သွားတဲ့အချိန်မှာ ♩ ♪ ♫ ♬မင်းမှ မရှိတာကွာ”
Rဇာနည် ၏ သီချင်းသံသည် ကျယ်လောင်စွာ
ထွက်ပေါ်လာတော့သည်။
စောနက ဟန်ပြင်နေခဲ့သည့် တိမ်တိုက်ကြီးများသည်
အချိန်ကိုက်ကို ရွာချတော့သည်။ ဇင်ဖြိုးလည်း ပြုတင်းပေါက်မှ တစ်ဆင့် မိုးရေစက်တို့ကို
ကြည့်နေသည်။ လက်ထဲတွင်တော့ အငွေ့တလူလူနဲ့ ကော်ဖီခွက်လေး တစ်ခွက်ကို ကိုင်ထားလျက်
..၊
ချစ်ခြင်းမေတ္တာနှင့် လူကျင့်ဝတ်
ယှဉ်လာခိုက် ဒုတိယတစ်ခုကိုသာ ရွေးချယ်ခဲ့ခြင်းကြောင့် လူတစ်ယောက်က သူ့ကို နှစ်ရှည်လများ
ချစ်ခဲ့သည်ကို သိမ့်သူ တစ်ယောက် ဘယ်သောအခါမှ သိနိုင်တော့မည် မဟုတ်ပါ။
ချစ်ခြင်းမေတ္တာသည် စွမ်းအားကြီးသည်။
တချို့က ချစ်ခြင်းမေတ္တာအတွက် ကျင့်ဝတ်ကို ဖောက်ဖျက်ကြသည်။ တချို့က ကျင့်ဝတ်ကိုသာ ရွေးချယ်ကြသည်။
ထိုသို့သော သူများကို တကယ်ချစ်၏
မချစ်၏ ငြင်းချက်ထုတ်မည်လား?
ကျနော်ကတော့ အငြင်းအခုန်လုပ်လိမ့်မည်
မဟုတ်ပါ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin