အတိတ်က တစ်စုံ တစ်ယောက်ကို ချစ်သေးလားလို့ မေးတဲ့အခါ မဖြေချင်ဘူး။ ဒီမေးခွန်းကို လိပ်ပြာသန့်သန့် ဖြေဖို့ဆိုတာ မလွယ်ဘူး။ လက်ရှိ သက်ဆိုင်သူက အတိတ်က တစ်ယောက်ကို ချစ်သေးလား တကယ် မေးလာတဲ့အခါ မဖြေရင် ပြဿာနာ ရှိတယ်။ အတိတ်က သူကို မချစ်တော့ဘူးလို့ ဖြေတာက ခွေး ထန်းလျက်ခဲ ကျွေးသလို နည်းမျိုးပဲ။ လွယ်လွယ်ကူကူ ချုပ်နည်းပေါ့။ တချို့ကလည်း ဂျင်းမှန်းမသိဘဲ ကျေနပ်ပီတိ ဖြစ်နေ ကြတယ်။

စိတ်ထဲမှာ တွေးမိလာတာက မချစ်တော့ဘူးလို့ ဖြေတာက လက်တွေ့မှာရော မှန်ရဲ့လား? ချစ်နေသေးတယ်လို့ ဖြေပြန်တော့လည်း လက်ရှိ အချစ်ရဲ့ ငြိုင်ငြင်မှုကို ခံရမယ်။ ဒီလိုဖြေလို့လည်း မပြည့်စုံနိုင်ဘူး။

ချစ်တယ်လို့ ပြောခဲ့ဖူးတဲ့ သူတစ်ယောက်ကို နောင်တစ်ချိန်မှာ အဲ့ဒီသူကိုပဲ နောက်ထပ် ချစ်တယ်လို့ ထပ်ပြောမိကောင်း ပြောမိမယ်။ မချစ်တော့ဘူးလို့ ပြောဖို့တော့ ဘယ်လိုမှ မထွက်။ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ် နေရတာကပဲ ပိုမှန်မလားပေါ့။

ချစ်နေတဲ့ အချိန်မှာ တစ်စုံ တစ်ခုသော အကြောင်းကြောင့် ရပ်စဲခဲ့ရတယ်။ ပြဿာနာလည်း ရှိခဲ့တယ်ဆိုရင် စိတ်ထဲမှာ သူနဲ့ မပတ်သက် ချင်တော့တာ၊ စိတ်နာတာ၊ မုန်းတာလို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲ့ဒါ မချစ်တော့တာလား ဆိုရင် တော့ ဇေ၀ ဇဝါ ဖြစ်သွားတယ်။ တိတိကျကျ မငြင်းနိုင်ဘူး။

အချစ်နဲ့ အမုန်းဟာ သီးသန့် ဖြစ်ပေါ်နေတယ်လို့ ယူဆကြည့်မယ်။ တစ်ပြိုင်နက်တည်းလည်း နှစ်ခုလုံး ဖြစ်ပေါ်နိုင်တယ်။ ပြီးတော့ ရောထွေးမှု မရှိဘူး။ လူ တစ်ယောက်တည်းကိုပဲ သိပ်ချစ်တယ် သိပ်မုန်းတယ် ဆိုတာမျိုးလည်း ရှိတယ်။ ဒါဆိုရင် အတိတ်က မုန်းတဲ့သူကို ချစ်နေသေးလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေက ချစ်နေသေးတယ်လို့ ပဲ ထွက်သွားပီ၊ မင်းရှေ့က တစ်ယောက်တင် မဟုတ်ဘူး။ အဲ့ဒီတစ်ယောက်ရဲ့ ရှေ့က တစ်ယောက်၊၊ အို ကုန်ကုန် ပြောရရင် ရည်းစားဟောင်း အားလုံးကို ချစ်နေဆဲ ဆိုတဲ့ အဖြေထွက်လာတယ်။ ဒါပေမယ့် ပြန်လိုချင်တာ မဟုတ်ဘူး။

ဒါဆို လက်ရှိ အချစ်နဲ့ ဘာကွာလဲ မေးစရာရှိလာတယ်။ မကွာဘူးလို့ ဖြေရင်တော့ ပြသနာ အကြီးကြီး တက်မှာပါ။ အခုချိန်မှာ အေးအတူ ပူအမျှ နှစ်ယောက်အတူ ရှင်သန်ချင်တဲ့သူ၊ ဂရုစိုက်မှုတွေ ပေးချင်တဲ့သူ၊ နေထွက်တာနဲ့ နေဝင်တာကို အတူ ထိုင် ကြည့်ချင်တဲ့သူ၊ လမ်းထိပ် မုန့်ဟင်းခါး ဆိုင်လေးမှာ အတူ ထိုင်စားချင်တဲ့သူ၊ အချိန်တွေ ကုန်ဆုံးချင်တဲ့သူ စသဖြင့် အဓိပ္ပါယ်တွေနဲ့ ပြည့်စုံနေတဲ့သူဟာ လက်ရှိ .. အချစ်ပဲပေါ့။ ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကို မချစ်တော့ဘူးလို့ ဖြေတာထက် ဒါဟာ ပိုပြီးရိုးသားတဲ့ အဖြေပဲ။

ဒါပေမယ့် ဒီအဖြေကို လက်ခံနိုင်ဖို့ဆိုတာ .. သိပ်တော့ မလွယ်ဘူး။ အတိတ်က တစ်ယောက်ကို ချစ်သေးလား အမေးခံရတဲ့အခါ ၊ အခြေအနေကို ကြည့်၊ မဟန်ရင်လည်း ခွေး ထန်းလျက်ခဲ ကျွေးတဲ့နည်းပဲ သုံးပေါ့။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)