ဒီကာလမှာ မြန်မာပြည်အပေါ် Facebook က လုပ်ဆောင်ခဲ့တဲ့ မူဝါဒတွေဟာ မျှတမှု ရှိ/မရှိ ဆိုတာ ပြောဖို့ အတော်ဒွိဟ ဖြစ်တယ်။ ဒီအခြေအနေထဲမှာ ပေါ်လာမယ့် အရာတစ်ခုကတော့ MM Social ဆိုတဲ့ ပြည်တွင်း အခြေစိုက် လူမှုကွန်ရက် တစ်ခုပါ။ အရင်ကတည်းက ပြင်ဆင်မှုတွေ လုပ်ခဲ့တာကြောင့် ဒီကိစ္စတွေကြောင့် ပေါ်လာတာ မဟုတ်ဘူးလို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဒီအချိန်ဟာ သူ့အတွက် အချိန်ကောင်း အခါကောင်း တစ်ခုဆိုတာ ရှင်းနေပါတယ်။ သူ့ကို သုံးဖို့ တွန်းအားက ဒီအချိန်မှာ အမြင့်ဆုံး ရှိနေတာပါ။
အတိတ်က Doe Myanmar
အရင်ကတည်းက ပြည်တွင်း Social Network တွေ ပေါ်ခဲ့ဖူးတယ်။ အဲ့ဒီထဲမှာ အမှတ်တရ အရှိဆုံးနဲ့ နောက်ဆုံး သုံးခဲ့ဖူးတာတော့ Doe Myanmar ပေါ့။ Doe Myanmar Social Network ပေါ်လာတဲ့ အချိန်တုန်းက မြန်မာပြည်မှာ ဖေ့ဘွတ်သုံးတဲ့သူ တော်တော် နည်းသေးတယ်။ Facebook အကောင့်ဖွင့်ရတာ ခက်ခဲခဲ့တဲ့ အချိန်ပေါ့၊ အကောင့်ဖွင့်တဲ့အခါ ဖုန်းနံပါတ် တောင်းတဲ့အဆင့်မှာ Confirm Code လွယ်လွယ်ကူကူ ကျမလာဘူး။ အဲ့ဒီအချိန်မှာ Doe Myanmar ဟာ အကောင့်ဖွင့်ရတာ အတော်ကို လွယ်ကူတယ်။ Mail Verify, Phone Verify စတဲ့ အကောင့်ဖွင့်ရင် စိစစ်ရမယ့် အခြေခံ ကိစ္စတွေကိုတောင် မလုပ်ခဲ့တဲ့ အတွက် Doe Myanmar နေ့ချင်းညချင်း အကောင့်ဖွင့်သူ အတော်များသွားတယ်။ (ဒါဟာလည်း အကောင့် အတုတွေ များစွာ ဖြစ်ပေါ်လာစေတဲ့ အမှား တစ်ခုဖြစ်ခဲ့ပါတယ်)
အချိန်ကာလ တစ်ခုအထိတော့ သုံးစွဲရတာ အတော်ကောင်းမွန်ခဲ့တယ်။ ဆိုးသွားတာကတော့ အဲ့ဒီမှာရှိတဲ့ နာမည်ကြီး Page တွေ (eg.Yoyarlay) ကို အသုံးပြုသူ ဘက်က Like မလုပ်ဘဲ ကုမ္ပဏီဘက်က သူ့သဘောနဲ့သူ လုပ်ပစ်ခဲ့တာဟာ Doe Myanmar သမိုင်းမှာ အဆိုးရွားဆုံး လုပ်ရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း သုံးစွဲသူ များလာတာ ကြောင့်ရယ်လား ၊ တစ်ခြား ကိစ္စတစ်ခုကြောင့်လား မပြောတတ်၊ သုံးရတာ အင်မတန် လေးပင်လာတယ်။ Update တွေ အကြိမ်ကြိမ် ထွက်လာခဲ့ပေမယ့် ထူးမသွားခဲ့ဘူး။ Mobile Operator တွေ အပြိုင်အဆိုင် ဖြစ်လာတဲ့အချိန်ကျတော့ Facebook က ပို့တဲ့ SMS ကို လက်ခံလာနိုင်တယ်။ ဒါ့ကြောင့် Facebook က မြန်မာပြည်မှာ အကောင့်ဖွင့်ရ လွယ်ကူသွားတယ်။ အဲ့ဒီမှာ Facebook ဘက်ကို တော်တော်များများ လှည့်ကုန်ကြတယ်။ နောက် အချိန် အတော်ကြာအထိ အွန်လိုင်းမှာ doemyanmar.com ဆိုတာ ရှိသေးတယ်။ ဒါပေမယ့် သုံးစွဲသူ မရှိတဲ့ Social Network က ကြာကြာ တောင့်ခံဖို့ဆိုတာ မလွယ်နိုင်ပါဘူး။ ဒီလိုနဲ့ Doe Myanmar ဆိုတာ အဆုံးသတ်ခဲ့ရတယ်။
အသစ်ထွက်လာမယ့် MM Social
သူ့ကိုတော် အတော်မျှော်လင့်ထားတယ်။ ဘာလို့လဲဆိုတော့ သူ ၀င်လာတဲ့ ပုံစံက တော်တော်လေးကို ပွင့်လင်းမြင်သာမှု ရှိတယ်။ အသုံးပြုသူတွေရဲ့ ကိုယ်ရေး အချက်အလက် လုံးခြုံးရေးတွေနဲ့ပတ်သက်ပြီး စနစ်တကျ ကာကွယ်ထားတယ် ဆိုရမယ်။ ဥပမာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စနစ်တကျ ကာကွယ်ဖို့ သီးသန့် ဥပဒေအကြံပေး ကုမ္ပဏီနဲ့ ချိတ်ထားတာမျိုး၊ Cyber Security အတွက် စနစ်တကျ အဖွဲ့အစည်းတွေနဲ့ ချိတ်ထားတာမျိုး၊ ပြည်တွင်းက အချက်အလက်တွေကို ပြည်တွင်း ဆာဗာပေါ်မှာပဲ ထားပြီး ပြည်တွင်းမှာပဲ ရှိစေတာမျိုး၊ အခွန်ဆောင်မယ်ဆိုတာမျိုး စတာတွေကတော့ အရင်ပေါ်ခဲ့တဲ့ Social Network တွေထက် ပိုပြီး စနစ်တကျ ရှိတယ်လို့ မြင်တယ်။
မီဒီယာ ထွန်းကားလာမှုဟာ အခွင့်အလမ်း တစ်ခု
ဒီအချိန်ဟာ print media ရော digital media ပါ သောက်သောက်လဲ ထွန်းကားလာတဲ့ အချိန်ဆိုတော့ MM Social ဆိုတာကို လူတွေမသိမှာ စိုးရိမ်စရာ မရှိဘူး။ အခုတောင် ပြည်တွင်း မီဒီယာတွေမှာ သူ့အကြောင်း သတင်းတွေ ရေးနေကြပြီး၊ The Voice ဆို မျက်နှာဖုံး သတင်းတောင် လုပ်ထားသေးတယ်။ အရင် ပေါ်ခဲ့တဲ့ Social Network တွေထက်တော့ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်။ လောလောဆယ် သုံးစွဲဖို့ စောင့်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ အပြင် အခြားသူတွေကိုပါ သုံးစွဲလာစေဖို့ ဆိုရင်တော့ တစ်ဆင့် စကား တစ်ဆင့်နားနဲ့တင် မဟုတ်ဘဲ စနစ်တကျ Marketing လုပ်ဖို့တော့ လိုတယ်။ နောက်ပိုင်း Product Page တွေ ဖွင့်ပြီးတော့ စနစ်တကျ သတင်းထုတ်ပြန်မှုတွေ လုပ်မယ်လို့ ထင်ပါတယ်။
Facebook ပြိုင်ဘက် မဟုတ်သော်လည်း
လက်ရှိအချိန်မှာ MM Social ဟာ Facebook ရဲ့ ပြိုင်ဘက် ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် Facebook ကို မျက်ကွယ်ပြုထားလို့တော့ မရနိုင်ဘူး။ လက်ရှိ Social Network အသုံးပြုသူ အများစုဟာ Facebook သုံးစွဲနေသူ တွေ ဖြစ်တယ်။ မြန်မာပြည်မှာ Facebook သုံးစွဲသူများလာတဲ့အချိန် ကျန်တဲ့ Mini Social Network တော်တော်များများ ငုတ်သွားခဲ့ရတာ အရှင်းသားကြီး၊ Facebook ကို မယှဉ်နိုင်သေးရင်တောင် ပြည်တွင်းမှာတော့ ဒီဇိုင်းကာလာ ဘာညာအနေအထားက “ဘာဆိုလား” လောက်တော့ ဖြစ်နေဖို့ လိုပါတယ်။ ဒါမှသာ လက်ရှိ စစချင်း ရလာမယ့် ကောက်ရိုးမီး သဖွယ် အသုံးပြုသူတွေကို တဖြည်းဖြည်း ထိန်းသွားနိုင်မယ်။
မီဒီယာနဲ့ အစိုးရဌာနဆိုင်ရာ စာမျက်နှာတွေ
MM Social မှာ ပြည်တွင်းမီဒီယာတွေနဲ့ အစိုးရ ဌာနဆိုင်ရာ စာမျက်နှာတွေ မြင်လာရမယ်ဆိုရင် အသုံးပြုသူတွေအတွက် အတော်အဆင်ပြေမယ်။ သူတို့ကလည်း အသုံးပြုသူတွေ များလာမှ ရောက်လာမယ် ထင်ပါတယ်။ အဲ့နှစ်ခုက အပြန်အလှန်ဆိုတော့ ဟန်ချက်ညီညီဆို အတော်ကောင်းမယ်။ Public Figure တွေ သုံးလာရင်လည်း MM Social ဟာ တော်တော်လေး အရှိန်တက်လာမှာပါ။ မြန်မာပြည်တွင်း လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက် အသစ်တွေ အမြဲတမ်း ထည့်သွင်းပေးနေဖို့တော့ လိုအပ်တယ်။ အသစ် အသစ်သော အရာတွေကို အဆက်မပြတ် မိတ်ဆက်ပေးနေဖို့ လိုတယ်။ ဒါတွေကို သူတို့ဘက်ကလည်း လုပ်ဆောင်သွားမယ်လို့ ပြောထားတယ်။
ကျွန်တော့် အမြင်
ပြည်တွင်း Social Network တစ်ခုကို တကြော့ပြန် ထိတွေ့ခွင့်ရမှာဆိုတော့ စိတ်တွေ အတော် လှုပ်ရှားနေပါတယ်။ သုံးလည်း သုံးဖြစ်မှာပါ။ ဒါဟာ တိုင်းပြည်အတွက် လိုအပ်နေတဲ့ ကွက်လပ် တစ်ခုကို ဖြည့်ပေးတဲ့ သဘောပါပဲ။ မှားယွင်းတဲ့ သတင်း အချက်အလက် စီးဆင်းမှု ကိုတော့ Facebook ထက်ပိုပြီး ထိန်းချုပ်နိုင်မယ်လို့ ယူဆရပါတယ်။ MM Social က အကောင့်တုတွေ၊ သတင်းမှားတွေကို အဓိက ထိန်းချုပ်သွားမယ်လို့လဲ သူတို့ဘက်က တာ၀န်ရှိသူတွေရဲ့ ပြောစကားတွေအရ သိရတယ်။ တချို့ကတော့ Facebook က Global အနေနဲ့ ဘာညာ ပြောနေကြပေမယ့် အစိုးရက Facebook ကို ပိတ်တာ မဟုတ်လို့ စိုးရိမ်စရာ မရှိပါဘူး။ အသုံးပြုသူရဲ့ ရွေးချယ်မှုပါပဲ။ နှစ်ခုလုံး လည်း သုံးချင် သုံးနိုင်တယ်။
Live Audio, Live Video စတဲ့ လုပ်ဆောင်ချက် လက်ရှိအချိန်မှာ မရနိုင်သေးပေမယ့် သာမန် လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ post, like, friend, follow, page, group စတာတွေ ရမှာဆိုတော့ သုံးလို့တော့ ဖြစ်တယ်၊ Video ဖိုင် အကြီးကြီးတွေ ဘာတွေ တင်နိုင်ဖို့ကတော့ လောလောဆယ် မရနိုင်သေးပါဘူး။ နောက်ပိုင်း ရမယ်လို့လည်း ပြောထားပါတယ်။
ဘာပဲဖြစ်ဖြစ် ပြည်တွင်း startup social network တစ်ခုအနေနဲ့ အားပေးသင့်ပါတယ်။ မြည်းစမ်း ကြည့်သင့်ပါတယ်။ အားလုံးကိုလည်း တိုက်တွန်းပါတယ်။ ကျွန်တော်ကတော့ အကောင့်ဖွင့်ဖို့ စောင့်နေပါပြီ။ MM Social ဟာ ဘယ်လောက် အတိုင်းအတာထိ ရောက်မလဲ စိတ်၀င်စားဖို့ ကောင်းပါတယ်။
တိုးတက်အောင်(ပဲခူး)
Social Plugin