အသင်း၊ အဖွဲ့အစည်း တစ်ခုမှာ ဦးဆောင်တဲ့ ခေါင်းဆောင်ဟာ
အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အားလုံးဟာ သူ့ရဲ့ ထိန်းကွပ်မှု အောက်မှာ ရှိနေတာကိုး၊
အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့သူတွေရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်တက်ကြွခြင်း၊
စိတ်ဓာတ်ကျခြင်း၊ ဦးဆောင်မှုအပေါ် ယုံကြည်စွာ လျှောက်လှမ်းခြင်း၊ ကျစ်လစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့
အဖွဲ့အစည်းတစ်ခုဖြစ်ခြင်း စတဲ့ ကောင်းခြင်း၊ ဆိုးခြင်း အရာတွေဟာ ခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှု
စွမ်းရည်အပေါ် မူတည်နေတယ်။ ကိုယ့်အောက်က လူတွေရဲ့ ကိစ္စအဝဝကို တာဝန်ယူမှု ၊ တာဝန်ခံမှုရှိတဲ့
ခေါင်ဆောင်တွေရှိသလို ဖြစ်လာရင် ကိုယ်နဲ့ မဆိုင်သလို ကိုယ့်ကိုငြိမှာစိုးပြီး ကိုယ့်အောက်ကလူကို
ထိုးကျွေးဖို့ ဝန်မလေးတဲ့ ခေါင်းရှောင်တွေလည်း ရှိတယ်။
ခေါင်းဆောင်ဆိုတာ ကိုယ့်အောက်က လူတွေနဲ့ပတ်သက်ပြီး
တာ၀န်ယူလိုစိတ်ရှိတယ်။ သူတို့ရဲ့ ကိစ္စအဝဝကို ကိုယ့်ရဲ့ကိစ္စလို့ပဲ သတ်မှတ်ထားတယ်။
ကိုယ့်အောက်က လူတွေကို ကာကွယ်ပေးရမယ့် အခြေအနေမျိုးတွေမှာလည်း မဆိုင်းမတွ အကာအကွယ်
ပေးနိုင်တဲ့သူ ဖြစ်တယ်။ ဒီလို ခေါင်းဆောင်မျိုးရဲ့ လက်အောက်မှာ တာ၀န် ထမ်းဆောင်ခွင့်
ရသူတို့အဖို့ ကျေနပ်စရာ ကောင်းတယ်။
တစ်ချို့ကျ ခေါင်းရှောင်တွေ ဖြစ်နေတယ်။ ကိုယ့်လက်အောက်
ငယ်သားတွေ ကိုယ့်ထိန်းကွပ်မှု အောက်မှာ ရှိနေတာ တစ်ခုကိုပဲ အရသာ ခံနေတတ်တယ်။ သူတို့ရဲ့
ကိစ္စအဝဝကို သူတို့နဲ့ပဲ သတ်ဆိုင်တယ်လို့ သတ်မှတ်ထားတယ်။ တစ်ခုခု ဖြစ်လာရင်လည်း ကိုယ်နဲ့မဆိုင်သလို
သူ့ကိစ္စ သူ့ဘာသာ ရှင်းဆိုပြီး မသိချင်ယောင် ဆောင်နေတတ်တယ်။ ဒီလို ခေါင်းဆောင်မျိုးတွေရဲ့
အောက်မှာ အလုပ်လုပ်နေရတယ် ဆိုရင်တော့ သူတို့ဆီကနေ တတ်နိုင်သမျှ စွန့်ခွာဖို့ ကြိုးစားသင့်တယ်။
ကိုယ့်အတွက် အကျိုးထူးလာစရာ မရှိသလို၊ သူ့အတွက် ကိုယ်စဉ်းစားသလောက်၊ ကိုယ့်အလှည့်ကျ
သူရှိနေမှာ မဟုတ်လို့ပါပဲ။
ကျွန်တော် မှတ်မိတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားဝိုင်း
တစ်ခုမှာပေါ့။ ပွဲလာနားထောင်တဲ့ ပရိတ်သတ်ထဲက တစ်ယောက်က သူတို့ မြို့ ဆေးရုံက ဆရာဝန်တွေ၊
ကျန်းမာရေး ဝန်ထမ်းတွေ အပြောအဆို မနူးညံ့ တဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတယ်။
ဒီလိုကိစ္စတွေ ရှိလာတဲ့အခါ သက်ဆိုင်ရာ ဝန်ကြီးတွေကို လူကြားထဲမှာ ခေါ်ခေါ်ထုတ်ပြီး
ဖြေခိုင်းတတ်တဲ့ ဒေါ်စု အကျင့်အတိုင်း အဲ့ဒီပြည်နယ်က ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးကို
ခေါ်ထုတ်ပြီး ဒီကိစ္စကို ရှင်းခိုင်းပါတယ်။
ဝန်ကြီးခမျာအတော် စိုးရိမ်နေရှာပုံပါပဲ။ အသံတွေတောင်
တစ်ချက် တစ်ချက် ပျောက် ပျောက်သွားတယ်။ ဒီလောက်တောင် ဖြစ်နေတဲ့ လူတစ်ယောက်၊ သူဘယ်လို
ဖြေရှင်းမလဲ ဆိုတဲ့ ကျွန်တော့်ရဲ့ သိချင်စိတ်က အမြင့်ဆုံး ရောက်နေတယ်။ ဒီကိစ္စဟာ သူ့ရဲ့ တာဝန်ယူမှု၊ ခံမှုကို မြင်နိုင်တဲ့
ဖြေရှင်းမှုပါ။ သူစပြောတဲ့ အကြောင်းအရာက ကျွန်တော့်ကို အံ့သြသွားစေတယ်။
ဆေးရုံမှာ လူနာအရမ်းများပြီး ဆရာဝန်နည်းတဲ့အတွက်
အလုပ်က လာတဲ့ ဖိအားတွေကြောင့် တစ်ခါတရံ စိတ်သဘောထား မတိုက်ဆိုင်ဘဲ ဒီလိုကိစ္စလေးတွေ
ဖြစ်တတ်ပါတယ်ပေါ့။ ဒါပေမယ့် လူနာတွေအပေါ် အေးအေးဆေးဆေး
ဆက်ဆံဖို့ သူထပ်ပြီး ပြောလိုက်ပါ့မယ်လို့ ပြောသွားတာပါ။ (စကား အတိအကျ မဟုတ်ပေမယ့် မှတ်မိသလောက်
အကြောင်းအရာပါ) တကယ့် အောက်ခြေက အခြေအနေ၊ အခက်အခဲတစ်ခုကို ချပြပြီး ရှေ့ဆုံးကနေ ပြောပေးသွားတယ်။
သူဟာ သူ့ရဲ့အောက်က ဝန်ထမ်းတွေအပေါ် လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီး တာဝန်ယူလိုစိတ်နဲ့
လက်တွေကျတဲ့ အခြေအနေမှန်၊ အခက်အခဲတွေကိုပါ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပြောသင့်တာ ပြောသွားတာပါ။
သူ ဘယ်လိုစိတ်နဲ့ ပြောခဲ့တာလဲဆိုတာကတော့ သူကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်
အဲ့ဒီ မြို့က ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက်တော့ သူ့ရဲ့ ဖြေရှင်းချက်ဟာ ကျေနပ်စရာ
တစ်ခုပေါ့။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အမူအကျင့်ပါ။
တချို့သော ခေါင်းဆောင်တွေကျပြန်တော့လည်း အမှားတွေရဲ့
မူလရင်းမြစ်ကို မတွေးကြဘူး။ သူ့အပေါ် ကျလာမှာကိုပဲ ကြောက်နေပြီး ဖြစ်လာတဲ့ အမှားတစ်ခုတည်းကို
ကွက်ပြီး မီးမောင်းထိုး ဖြေရှင်းတယ်။ ဒါကိုပဲ သူ့ရဲ့ တာဝန်ယူမှု တစ်ခုလို့ သတ်မှတ်ထားတယ်။
ကိုယ့်အပေါ် အပြစ်ကျမှာဆိုးပြီး ကိုယ့်လက်အောက်က လူတစ်ယောက်ကို အရေးယူတာကို တာဝန်ယူမှုလို့
သတ်မှတ်ရင် အဲ့ဒါဟာ လူတိုင်း လုပ်နိုင်တဲ့ ကမ္ဘာ့ အလွယ်ဆုံး တာဝန်ယူမှု တစ်ခုလို့ပဲ
ပြောရမယ်။
လက်တွေ့ကျတဲ့ အခြေအနေနဲ့ အခက်အခဲတွေကို မစဉ်းစားကြဘူး။
အမှားလုပ်တဲ့သူကို အရေးယူမယ်ဆိုပြီး တခဏ ဖြေရှင်းနည်းနဲ့ လှည့်စားတတ်ကြတယ်။ ပုံမှန်အားဖြင့်
မှားသွားတဲ့သူကို အရေးယူလိုက်ရင် စိတ်သက်သာရာ ရသွားတတ်တဲ့ အကျင့်၊ ကျေနပ်သွားတတ်တဲ့
အကျင့် က တော်တော်များများမှာ ရှိတယ်။ ဘာကြောင့် အမှားတွေ ဖြစ်နေတာလဲဆိုတာကို မစဉ်းစားဘူး။
မပြင်ဆင်ဘူး။ သူတို့ အမှန်ကို ရွေးချယ်ခွင့်ကို
ရှိခဲ့ရဲ့လား ဆိုတာ မဆန်းစစ်ဘူး။ တစ်ခါတလေ အမှားကို မျက်ကွယ်ပြုဖို့ မလွယ်တဲ့ အခြေအနေတွေ
ရှိတယ်။ အမှားလုပ်ဖို့ စေ့စော်နေတဲ့ အကြောင်းတရားတွေ ရှိနေတဲ့ အမှားမျိုးဆိုရင်တော့
ရင်းမြစ်ကို အမြစ်ပြတ် ရှင်းဖို့ လိုတယ်။ မဟုတ်ရင်
ထပ်ဖန်တလဲလဲ ပြန်မှားနေကြပြီး အမှား သံသရာလည်နေတတ်တယ်။ အမှားကို ကိုယ်ကျိုးစီးပွားအတွက်
ကျေကျေနပ်နပ် ဆောင်ရွက်နေသူတွေလည်း ရှိတယ်။ ဒီလို လူမျိုး ဆိုရင်တော့ သူ့ကိုပဲ ရှင်းလိုက်ရင်
အဆင်ပြေတယ်။
လူတိုင်း မပြီးပြည့်စုံနိုင်ပေမယ့်လည်း ခေါင်းဆောင်ကောင်းတွေကိုတော့
ကမ္ဘာကြီးမှာ တွေ့နိုင်ပါသေးတယ်။ ခေါင်းဆောင်တာ၀န် ထမ်းဆောင်နေရတဲ့ သူတိုင်း ခေါင်းဆောင်ကောင်းတို့
စိတ်ကို နှလုံးသွင်းပြီး ပြုမူကြမယ်ဆိုရင် ကိုယ့်လက်အောက်မှာ လုပ်နေတဲ့ လူတွေလည်း စိတ်ချမ်းသာကြရမယ်။
ပျော်ရွှင်ကြရမယ်။ ပြီးတော့ သူတို့ရဲ့ ဖြစ်တည်မှုကိုလည်း အဓိပ္ပါယ်ရှိစေတယ်။ ဒါ့ကြောင့်
စာဖတ်သူ မိတ်ဆွေတို့လည်း ကိုယ့်လက်အောက်မှာ တာ၀န်ထမ်းဆောင်နေတဲ့ လူတွေအပေါ် ခေါင်းဆောင်ကောင်တစ်ယောက်လို
ပြုမူနိုင်ကြပြီး ကိုယ့်အထက်က လူတွေကလည်း ကိုယ့်အတွက် ခေါင်းဆောင်ကောင်းတွေ အဖြစ် ရှိကြပါစေလို့
ဆုမွန်ကောင်း တောင်းလျက်
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin