ကိုယ့်ဘဝနဲ့ ကိုယ်တောင် အနိုင်နိုင် တိုင်းပြည်အတွက် ဘာမှလုပ်ပေးလို့ မရနိုင်တော့ပါဘူးလေ လို့ တချို့ သာမန် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစု အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွေမှာ ကြားရလေ့ရှိတဲ့ စကားလေးပါ။ အဲ့ဒီစကားလေးပြောတာ ကြားတိုင်း ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ ဘယ်လိုကြောင့် ဒီလိုတွေ ပြောနေကြတာလဲပေါ့။ တကယ်တော့ ဘဝအခြေအနေ အဆင်မပြေရာကနေ ဒီလိုအတွေးတွေ ဝင်လာတာ ဖြစ်ပါတယ်။
တိုင်းပြည်အကျိုးအတွက် အလုပ်လုပ်တယ်ဆိုတာ နိုင်ငံတော်သမ္မတမှ လုပ်လို့ရတာမဟုတ်ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ တိုင်းပြည် အကျိုးအတွက် လုပ်လို့ရတာ မဟုတ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ်မှ တိုင်းပြည်ကို ကာကွယ်ပေးလို့ရတာ မဟုတ်ပါဘူး တိုင်းပြည်ရဲ့ အကျိုးစီးပွါးအတွက် လူတိုင်း ပါဝင်လုပ်ဆောင်နိုင်သလို လက်ရှိ အချိန်မှာလည်း လူတိုင်းနီးပါး ပါဝင် လုပ်ဆောင်နေကြပါတယ်။ တိုက်ရိုက် မဟုတ်ရင်တောင်မှ သွယ်ဝိုက်တဲ့ နည်းအားဖြင့် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေက တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုနေ တတ်ပါတယ်။ တိုင်းပြည်က ကိုယ့် အတွက် ဘာလုပ်ပေးပြီးပြီလဲ ဆိုတာထက် ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးပြီးပြီးလဲဆိုတာ ပိုအရေးကြီးပါတယ်။
ဥပမာ - မိသားစု တစ်ခု၊ အဖေက ဆိုက်ကားနင်းတယ် တစ်ခြား ကြုံရာကျပန်း အလုပ်တွေ လုပ်တယ်။ အမေကတော့ အိမ်မှုကိစ္စတွေဆောင်ရွက်တယ်။ သူတို့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။ မိဘတွေက သူတို့လေးတွေရဲ့ ဦးနှောက်ထဲကို မှန်ကန်တဲ့အတွေးအခေါ်တွေ ထည့်ပေးမယ်။ ကောင်းမွန်တဲ့ သွန်သင်ဆုံးမမှုတွေ ဆောင်ရွက်ထားမယ်။ ဒီလိုတွေလုပ်နိုင်ဖို့ မိဘတွေအနေနဲ့ စာပေဖတ်ရှုဖို့ လိုမယ်။ အတန်းပညာ အများကြီး မတက်ရင်တောင်မှ ရေးတတ် ဖတ်တတ်ရုံနဲ့ ဆောင်ရွက်နိုင်တဲ့အရာ စာဖတ်ခြင်းပါဘဲ။ သားသမီးတွေကို စာဖတ် ဝါသနာပါအောင် လေ့ကျင့်ပေးမယ်။ စာပေဖတ်ရှုခြင်းကို ပိတ်ပင်ကန့်ကွက်ခြင်း မပြုဘူး။ ဒီလိုနဲ့ ဒီသားတွေသမီးတွေဟာ တန်ဖိုးကြီးမားတဲ့ လူ့စွမ်းအား အရင်းအမြစ်လေးတွေ ဖြစ်လာမယ်။ ဒါဆိုရင် မိဘ(၂) ပါးဟာ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်လေးတွေ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီပေါ့။ ကိုယ့်ဘ၀ ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပြီး တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်လေးတွေ ပြုစုပျိုးထောင်ခြင်း ဟာလည်း တိုင်းပြည်အကျိုးဖြစ်ထွန်းစေတာပဲလေ။
ကတ်သီးကတ်သတ် ပေါက်ပေါက်ရှာရှာပြောရမယ်ဆိုရင် တိုင်းပြည်ရဲ့ လူဦးရေမွေးဖွားနှုန်းကို သေဆုံးနှုန်းအောက် ရောက်မသွားအောင် ထိန်းထားနိုင်တဲ့ အချက်တွေထဲမှာ အိမ်ထောင်ပြုခြင်းကလည်း တစ်ခုအပါအဝင်ပါဘဲ။ ဒါ့ကြောင့် တိုင်းပြည်နဲ့လူမျိုးအတွက် အိမ်ထောင်ပြုကြပါ ... ဟဲဟဲ။
ကျောင်းဆရာ၊ ပြည်သူ့ရဲ၊ ဆရာဝန် ၊ အင်ဂျင်နီယာ၊ စစ်သား၊ ... အများအားဖြင့် သူတို့တွေဟာလည်း တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာပါ။ ဒါပေမယ့် သူတို့လိုဖြစ်မှ တိုင်းပြည်အကျိုးဆောင်ရွက်နိုင်မယ်လို့ ထင်နေရင်တော့ မှားပါတယ်။ သူတို့လို မဟုတ်ပေမယ့်လည်း တိုင်းပြည်အကျိုး ဆောင်ရွက်နေတဲ့သူ ဒါမှမဟုတ် တိုင်းပြည်အကျိုး ဖြစ်ထွန်းစေတဲ့သူတွေ အများကြီး ရှိပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ် အထင်မသေးစေချင်ဘူး။ လူတစ်ချို့ အထင်သေးတတ်ကြတဲ့ စည်ပင်သာယာက သန့်ရှင်းရေး ဝန်ထမ်းတွေဟာလည်း တိုင်းပြည်အကျိုးစီးပွါးအတွက် အလုပ်လုပ်နေတဲ့ သူတွေပါဘဲ။ သူ့ကိုပေးတဲ့လစာနဲ့ ခင်ဗျားတို့ ကျွန်တော်တို့ လုပ်နိုင်ပါ့မလား။ သူအတန်းပညာမတက်လို့ မတက်လို့ လုပ်နေရတယ်ပဲ ပြောပြော သူတို့ထမင်းစားဖို့ သူတို့လုပ်နေရတယ်ပဲ ပြောပြော သူတို့ရဲ့ ဆောင်ရွက်မှုက တိုင်းပြည်အတွက်တော့ ကောင်းမွန်တဲ့ အကျိုးဖြစ်ထွန်းမှုတွေ ရှိတာပဲလေ။
သုံးဘီးဆိုင်ကယ် မောင်းနေတဲ့သူ၊ အငှား ကားမောင်းနေတဲ့သူ၊ သူတို့ကြောင့် တိုင်းပြည်မှာ လမ်းပန်ဆက်သွယ်ရေး ချောမွေ့စေတဲ့အတွက် သူတို့ ပိုက်ဆံရဖို့အတွက် သူတို့ လုပ်တယ်ပဲ ပြောပြော သူတို့အကျိုးစီးပွါးအတွက် သူတို့ လုပ်တယ်ပဲပြောပြော တိုင်းပြည်အတွက်တော့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာတာပဲလေ။
လယ်သမားတွေဟာ စပါး၊ ပဲ၊ စတဲ့ ကောက်ပဲသီနှံမျိုးစုံ စိုက်ပျိုးနေတာဟာလည်း တိုင်းပြည်ရဲ့ စားနပ်ရိက္ခာကဏ္ဍကို အကောင်းဆုံး အားဖြည့်ပေးနေတာပါဘဲ။ သူတို့ ထမင်းစားရဖို့ လုပ်တယ်ပြောပြော သူတို့စီးပွါးရေး သူတို့လုပ်တယ် ပြောပြော သူတို့ရဲ့ ပင်ပန်းမှုတွေက တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတာပါဘဲ။
ဈေးထဲက အသား၊ ငါး ရောင်းချနေတဲ့ ဈေသည်မလေးကလည်း တိုင်းပြည်ရဲ့ စားနပ်ရိက္ခာ ဖြန့်ဖြူးရေးမှာ အတိုင်းအတာတစ်ခုအထိ အားဖြည့်ပေးနေတဲ့အတွက် သူတို့အလုပ် သူတို့လုပ်တယ်ပဲပြောပြော သူတို့အကျိုးသူတို့လုပ်တယ်ပဲပြောပြော တိုင်းပြည်အတွက်တော့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတာပဲ မဟုတ်လား။
အခုပြောသွားတာတွေက မဆိုသလောက်ပဲ ရှိပါသေးတယ် တိုင်းပြည်ကို တစ်ဖက်တစ်လမ်းက အကျိုးဖြစ်ထွန်းစေတဲ့ သူတွေ ရေတွက်ဖို့မလွယ်နိုင်လောက်အောင် များလွန်းပါတယ်။ ဒါ့ကြောင့် ငါတို့မှ တိုင်းပြည်အတွက် အရေးပါတဲ့သူတွေ ငါတို့မှ တိုင်းပြည်အကျိုးဖြစ်ထွန်းစေသူတွေ ဆိုတဲ့ အတ္တဆ န်ဆန် အတွေးတွေကို လွှင့်ပစ်ခဲ့သင့်ပါပြီ။ ငါတို့အတွက်တောင် အနိုင်နိုင် တိုင်းပြည်အတွက် ဘာမှလုပ်မပေးနိုင်တော့ပါဘူး ငါတို့က တိုင်းပြည်အတွက် အရေးမပါဘူးဆိုတဲ့ အပေါ်ယံ အတွေးတွေလည်း ချန်ရစ်ထားခဲ့သင့်ပြီ။
တိုင်းပြည်တစ်ခုမှာ ကဏ္ဍပေါင်းစုံ အလွှာပေါင်းစုံက သူ့နေရာနဲ့သူ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နေကြရတာပါ။ သူနေရာနဲ့သူ တိုင်းပြည်အတွက် ပေးဆပ်နေကြရတာပါ။ တိုင်းပြည်အကျိုး ဆောင်ရွက်တယ်ဆိုတာ ကိုယ် ဘယ်သူလဲဆိုတာထက် ကိုယ် ဘာလုပ်လဲဆိုတာက ပိုအဓိကျပါတယ်။ ကျွန်တော်တို့ဟာ အနည်းနဲ့အများတော့ တိုင်းပြည်အတွက် တိုက်ရိုက်မဟုတ်ရင်တောင်မှ သွယ်ဝိုက်တဲ့ ပတ်သက်မှုတွေနဲ့ အကျိုးဖြစ်ထွန်းစေတဲ့ သူတွေ အဖြစ်ရှိနေနိုင်ပါတယ်။ အကြီးကြီး မဟုတ်ရင်တောင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပေါ့။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin