ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ငါ့ကို မကြာမကြာရစ်ပေးပါ။ အေးတိအေးစက် အချစ်မျိုး ငါမလိုချင်ပါဘူး။ ရေခဲတုံးဆိုတာ အလွယ်တကူ ကြေမွသွားနိုင်တယ်လေ။ ရစ်လို့ စိတ်ပျက်သွားမယ် မထင်နဲ့ ငါက "ရစ်လေ ချစ်လေ" ဆိုတဲ့ လူမျိုး ...။

ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ငါ့ကို အကြောင်းမရှိ အကြောင်းရှာပြီး မကြာခဏ စိတ်ကောက်ပေးပါ။ နင်စိတ်ကောက်နေရင် ချစ်စရာ ပိုကောင်းသလို နင့်ကိုချော့ရတာလည်း ငါ့အတွက်တော့ ပျော်စရာတစ်မျိုးပါ
သတ္တိရှိရှိသာ ကောက်ပါ … ပစ်မထားဘဲ ပြန်ချော့မှာ ငါ့ တာဝန် ...။ ချော့ရင်ပျော့ပေးရမှာ ငါမျှော်လင့်မိတဲ့ နင့်ရဲ့အလိုက်သိမှုတစ်ခု ... ။

ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ငါ့ကို မကြာခဏ စနောက်ပေးပါ။ နင့်ကြောင့် ပြုံးရယ်ချင်တယ်။ နင့်ကြောင့် ငါပျော်ရွှင်ချင်တယ်။ "နင်ပေးတဲ့ပျော်ရွှင်မှု" က ငါ့အတွက် အတိုင်းအတာ တစ်ခုအထိ ပြည့်စုံစေတယ်။

ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ငါ့ရဲ့သဝန်တိုမှုကို တကူးတက မဖန်တီးပါနဲ့ တကူးတက မမြင်ချင်ပါနဲ့ ဘာလို့လဲဆိုတော့ အလိုလိုနေရင်းနဲ့ကို ငါ့ရဲ့သဝန်တိုမှုတွေကို နင်မြင်နေရမှာပါ။ သဝန်တိုတယ်ဆိုတာ သဝန်အတိုခံရတဲ့ သူအတွက် ပျော်စရာလေး တစ်ခု ဖြစ်နိုင်ပေမယ့် သဝန်တိုရတဲ့ သူအတွက်တော့ ရင်ဘတ်ထဲ မီးခဲရောက်နေသလိုပါပဲ။

ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ငါတို့ အပြန်အလှန် မှီခို အားကိုး  အားထား ပြုကြမယ်။ နေရာတကာ ငါသိ ငါတတ် ငါဆရာကြီးပဲ ဆိုတာထက် အပြန်အလှန် ဆွေးနွေးမှုလေးတွေနဲ့ အပြန်အလှန် နွေးထွေးမှုလေးတွေ ဖန်တီးကြမယ်။ ဒီလိုပြောလို့ ငါက တစ်ယောက်တည်း မရပ်တည်နိုင်တဲ့သူလို့ မထင်လိုက်ပါနဲ့။

ဥပမာ - ငါ့ဝယ်ထားတဲ့ လက်ကိုင်ပုဝါလေးတစ်ထည် ..။ နင် ဝယ်ထားတဲ့ လက်ကိုင်ပုဝါလေးတစ်ထည် .. ။ ဒီတိုင်းနေရင် လက်ကိုင်ပုဝါက လက်ကိုင်ပုဝါပါဘဲ။ ဒါပေမယ့် အဲ့ဒါလေး(၂)ထည်ကို ငါတို့နှစ်ယောက် အပြန်အလှန် လဲယူကြည့်လိုက်မယ်ဆိုရင် ငါ့လက်ထဲရောက်လာတဲ့ လက်ကိုင်ပုဝါလေးက ငါ့အတွက်တော့ လက်ကိုင်ပုဝါတစ်ထည်တဲ့ ပိုတဲ့ ခံစားမှုမျိုးရှိနေမှာပါ။ နင့်အတွက်လည်း အဲ့ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင်ဖြင့် ငါပြောတဲ့ စကားတွေကိုလည်း နင်နားထောင်ပေးပါ။ နင်ပြောတဲ့ စကားတွေကို ငါနားထောင်ပါ့မယ်။ အစွန်းရောက်တဲ့ ကန့်သက် ချုပ်ချယ်မှုမျိုး မဟုတ်ခဲ့ဘူး ဆိုရင်ပေါ့ …။ ငါတို့ နှစ်ယောက်လုံးက ပြီးပြည့်စုံတဲ့ သူတွေမဟုတ်မှန်း သိပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပြင်စေချင်တဲ့ အချက်လေးတွေ ပြောကြမယ်။ အဲ့ဒါလေးတွေက အားလုံးအတွက် ပြီးပြည့်စုံနိုင်မှာ မဟုတ်ပေမယ့် … ငါတို့ နှစ်ယောက် အတွက်တော့ ကျေနပ်စရာကောင်းတဲ့ အတိုင်းအတာတစ်ခုအထိ ပြည့်စုံစေမှာပါ။

ချစ်ခြင်းများစွာဖြင့်

တိုးတက်အောင်(ပဲခူး)