အထူးသဖြင့် မွေးကတည်းက ခြေမွေးမီးမလောင် လက်မွေးမီးမလောင် လိုတရဘဝနဲ့ နေလာရသူတချို့မှာ တစ်ဖက်သားအပေါ် အထင်အမြင်သေးတဲ့ စိတ် အနည်းနဲ့အများရှိနေတတ်ကြတယ်။
တချို့ကတော့ စိတ်ရင်းစေတနာကောင်းလေးတွေနဲ့ ရှင်သန်လာကြပေမယ့် အရွယ်ရောက်တဲ့အခါ အခြားပတ်ဝန်းကျင်တစ်ခုကိုရောက်ပြီး စိတ်ဓာတ် အမူအကျင့်တွေ ပြောင်းလဲသွားကြတယ်။ အဲဒီအခါမှာ ကိုယ့်ထက် ဘဝနိမ့် တယ်လို့ ထင်တဲ့သူတွေကို အထင်မကြီးတော့ပါဘူး။ အထင်မကြီးတာ ကိစ္စမရှိ ပေမယ့် အထင်သေးပြီး နှိမ်တဲ့အဆင့်ထိ ဖြစ်လာတာတော့ မကောင်းပါ ဘူး။ သူက ကိုယ့်ထက်နိမ့်တယ်ဆိုတာ လက်ရှိအချိန်၊ ပစ္စုပ္ပန်မှာ နိမ့်နေတာ ပါ။ အနာဂတ်မှာ နိမ့်နေတာမဟုတ်ဘူးဆိုတာကို သတိချပ်စေချင်တယ်။
ကျွန်တော် အဓိကပြောချင်တာက လူတစ်ယောက်ကို မနှိမ်ဖို့ပါ။ လူငယ် တစ်ယောက်ဖြစ်နေရင် ပိုပြီးတော့တောင် အထင်မသေးသင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့အတွက် အချိန်တွေအများကြီးရှိနေတယ်။ ကျွန်တော်ငယ်ငယ် လောကကြီးအကြောင်း နားမလည်သေးတဲ့ အရွယ်တုန်းက နှိမ်တယ်ဆိုတာကို ရုပ်ရှင်တွေထဲမှာပဲ ကြည့်ခဲ့ဖူးတာပါ။ တကယ့်လက်တွေ့မှာရော ရှိနိုင်ပါ့မလား ဆိုပြီး သံသယဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် အခု အရောင်အသွေးစုံ လူငယ်တန်း ဝင်လာတဲ့အချိန် ဒီလိုအခြေအနေမျိုးတွေကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ အခါ တစ်ချိန်က ရုပ်ရှင်ထဲမှာပဲ မြင်ခဲ့ဖူးတဲ့အရာတွေက လောကကြီးထဲမှာ တကယ်ရှိနေပါလားဆိုတာ သိလိုက်ရတယ်။
ကျွန်တော့်ဘဝမှာ ငွေရေးကြေးရေးပိုင်ဆိုင်မှုတွေ ပြစရာမရှိပါဘူး။ ပိုင်ဆိုင်မှုပြစရာမရှိဘူးဆိုတာ တချို့လူတွေလို မပြနိုင်တာ မဟုတ်ဘူးနော်။ ပြစရာကိုမရှိတာ။ တကယ်တော့ ပိုက်ဆံရှိမှ ဘဝလှတာမဟုတ်ပါဘူး။ ဘဝ လှတာက သတ်သတ်တစ်ပိုင်းပါ။ တချို့တွေဆိုရင် ပိုက်ဆံတွေချမ်းသာပြီး သူတို့ရဲ့ ဘဝကျတော့ မလှပနေပါဘူး။ တချို့ကျတော့ ပိုက်ဆံမချမ်းသာပေမယ့် သူတို့ဘဝ သူတို့အသိုင်းအဝိုင်းနဲ့သူတို့ လှနေပါတယ်။ သူတို့တွေမှာ အချုပ်အနှောင်ကင်းကင်းနဲ့ ပေါ့ပေါ့ ပါးပါး ပျော်ရွှင်နိုင်တဲ့ အခွင့်အရေးတွေ အပြည့် ရှိနေပါတယ်။
လူတစ်ယောက်ရဲ့အနာဂတ်ကို ခန့်မှန်းဖို့မလွယ်ပါဘူး။ ဒီနေ့ Zero(သုည) ဖြစ်နေပေမယ့် မနက်ဖြန် Hero(သူရဲကောင်း) ဖြစ်နေနိုင်တယ်။ ဒီနေ့ ကိုယ် နှိမ်ပြောခဲ့သူဟာ မနက်ဖြန် ကိုယ့်ရဲ့လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာနိုင်တယ်။ပြောင်းလဲခြင်းဆိုတာကို သတိထားစေချင်ပါတယ်။ လူတစ်ယောက်ကို မနှိမ်ဘဲနေလိုက်လို့ ဘာမှဖြစ်မသွားပါဘူး။ ဒါပေမယ့် နှိမ်လိုက်တယ်ဆိုရင် ကိုယ့်အတွက် ဘာအကျိုးမှမရှိတဲ့အပြင် တစ်ချိန် သူက ကိုယ့်ထက်မြင့်တဲ့ တစ်နေရာရောက်နေရင် သူ့အပြုံးက ကိုယ့်ကို အင်မတန်မှအရှက်ရစေပါလိမ့် မယ်။
လူတစ်ယောက်ရဲ့ အနာဂတ်ကို သူရတဲ့ဘွဲ့ဒီဂရီတွေနဲ့ မခန့်မှန်းပါနဲ့။
မြန်မာပြည်မှာ အဲဒီကိစ္စ တော်တော်လေး ဆိုးပါတယ်။ လူတစ်ယောက်မှာ ဘယ်သူမှ မသိနိုင်တဲ့ ကြိုးစားမှုတွေရှိနေနိုင်ပါတယ်။ သူ့ဘဝအတွက် အစီအစဉ်များ အခိုင်အမာချထားပြီးသားလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။
အထင်မသေးပါနဲ့ ပုံသေကားချပ်မတွက်ပါနဲ့။ တချို့တွေပြောတဲ့ စကား ရှိတယ်။ ''သူရတဲ့ဘွဲ့နဲ့ ဘာလုပ်လို့ရမှာလဲ''တဲ့။ လောကကြီးမှာ ယူထားတဲ့ ဘွဲ့နဲ့ပတ်သက်တဲ့ အလုပ်မရှိရင် တခြားလုပ်စရာတွေ မရှိတော့ဘူးလား။ တချို့တွေ အဝေးသင်တက်တယ်ဆိုပေမယ့် လေးနှစ်လောက်ကြာတဲ့အခါ ဘွဲ့က နှစ်ခု၊ သုံးခုနဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ ဆရာကြီးတွေဖြစ်နေပါပြီ။
ဒါကြောင့် လောကကြီးကို ပြတင်းပေါက်လောက်ကအမြင်နဲ့ ဆုံးဖြတ် မနေပါနဲ့တော့ အိမ်အောက် ဆင်းကြည့်သင့်နေပါပြီ။ လက်ရှိ အောင်မြင်နေတဲ့ လူအများစုရဲ့အတိတ်မှာ နာကျင်စရာဇာတ်လမ်းတွေ၊ အခက်အခဲတွေ များစွာရှိခဲ့ကြတယ်။
ဒါကြောင့် လက်ရှိ နာကျင်စရာဇာတ်လမ်းတွေနဲ့ အခက် အခဲတွေ ဖြစ်နေတဲ့သူတွေကို အထင်မသေးမိပါစေနဲ့။ မနှိမ်မိပါစေနဲ့။ သူတို့ထဲကလည်း အောင်မြင်သူတွေ ထွက်လာဦးမှာပါ။ သူတို့အောင်မြင်တဲ့အချိန် ကိုယ့်ကိုပြုံးပြတဲ့အခါ မလုံမလဲ မျက်နှာလွှဲစရာ မလိုတော့ဘူးပေါ့။ ဆင်ခြင်နိုင်ကြပါစေ။
တိုးတက်အောင်(ပဲခူး)
(၃၁.၆.၂၀၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပြီး)
Social Plugin