ကျွန်မအခန်းကို ကျောင်းသားအသစ်လေးတစ်ယောက် ရောက်လာတယ်။ သူ့နာမည်က ထင်အောင်၊ စာလည်း တော်တယ်။ ဆရာမစကားလည်း နားထောင်တယ်။ ရောက်တဲ့လကစပြီး အဆင့် (၁) ရတယ်။ အခုဆိုရင် နှစ်လဆက်တိုက်ပေါ့။ တစ်နေ့ ထင်အောင် အမေ ကျွန်မ ဆီ ရောက်လာတယ်။
''ဆရာမရယ် .. ကျွန်မသားအရည်အချင်းလည်း သိပြီပဲ အခန်းပြောင်းပေးလို့ရမလား ကျွန်မသားအတွက် စိုးရိမ်လို့ပါ''
ကျွန်မလည်း အံ့သြသွားတယ်။
''ရှင်''
''ဟုတ်တယ်ဆရာမရဲ့ ကျွန်မသားပျက်စီးသွားမှာ မလိုလားဘူး ဆရာမလည်း သဘောပေါက်မှာပါ''
မောင်ထင်အောင်ရဲ့အမေ စကားပြောပုံကတော့ ကျွန်မကလေးတွေရဲ့ အသည်းနှလုံးကို နင်းချေလိုက်သလို ပဲ။ တစ်နည်းအားဖြင့် ကျွန်မအသည်းနှလုံးကို နင်းချေ တာနဲ့လည်း အတူတူပဲ။
ကျွန်မစိတ်ထဲမှာလည်း ဒေါသထွက်မိတယ်။ ဒါပေ မယ့် ကျွန်မက ကျောင်းဆရာမဆိုတော့ အတတ်နိုင်ဆုံး တော့ ထိန်းဖို့လိုတယ်။
''ကျွန်မအခန်းက ကလေးတွေက မိုက်ရိုင်းတူးခါးနေတာလည်း မဟုတ်ပါဘူး အန်တီရဲ့၊ သူတို့လေးတွေ စာ မလုပ်တာလေး တစ်ခုတည်းနဲ့ သူတို့အားလုံးကို ဝါးလုံးသိမ်း မပြောဆိုပါနဲ့''
''ဆရာမရယ် ... စာတောင်မလုပ်တဲ့ကလေး တခြားဘာအသုံးကျမှာလဲ''
ကျွန်မ ဒေါသကို ဆွလိုက်တဲ့စကားပါ။
''ဒီမှာအန်တီ စာမတော်တဲ့ ကလေးတွေက တစ်နေ့ နေ့မှာ နိုင်ငံတော်ကို အကျိုးမပြုနိုင်ဘူးလို့ မပြောနိုင်ပါဘူး၊ သူတို့လေးတွေထဲမှာလည်း စာပုံမှန်လုပ်နေတဲ့သူတွေ ရှိပါတယ်။ ထိပ်ခန်းက ကျောင်းသားကျောင်းသူတွေလောက် အမှတ်မများတာ တစ်ခုပဲရှိတယ်။ သူတို့ဟာနဲ့သူတို့တော့ အမှတ်လေးတွေ ရနေတာပါပဲ။ သူတို့လေးတွေကို ဘာခိုင်းခိုင်း စိတ်ပါလက်ပါလုပ်ပေးတယ်။ သူတို့လေးတွေ မှာ တခြားကောင်းတဲ့အားသာချက်လေးတွေ တစ်ပုံကြီးပါ။ သူတို့လေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မာန လေးတွေ မရှိဘူး။ မနာလိုစိတ်လေးတွေ မရှိဘူး။ သူတို့ ဘဝနဲ့ သူတို့ပျော်နေကြတယ်''
''ဆရာမကလည်း သူတို့အဲလိုတွေ ပျော်နေတော့ သူတို့ဘဝ ဇာတ်သိမ်းလှမလား၊ သူများတွေ တိုက်တွေ၊ ကားတွေ ဖြစ်နေတဲ့အချိန် သူတို့ဖြစ်ပါ့မလား၊ အပြိုင် အဆိုင်ရှိမှ တိုးတက်တာ ဆရာမရဲ့''
''ဒီမှာ အန်တီ သူတို့လေးတွေထဲမှာ အမှတ်အများကြီး မရပေမယ့် စာတော့ ပုံမှန်လုပ်နေတဲ့ သူတွေအများကြီး ပါ။ အဲလိုကလေးတွေဘဝမှာ တိုက်နဲ့ကားနဲ့ ဖြစ်၊ မဖြစ် သေချာမပြောနိုင်ပေမယ့် သူတို့ရရှိတဲ့ဘဝကို သူတို့လက်ခံ နိုင်တဲ့အတွက် သူတို့ဟာ ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံး လူသားတွေပါ၊ ဒီအခန်းမှာ အန်တီ့သားက စာတော်တယ် ဆိုတာ ကျွန်မလက်ခံတယ်။ ဒါပေမယ့် အန်တီ့သားကို ကလေးတွေ ခင်ကြပါတယ်။ အန်တီက ဟိုလူနဲ့ပေါင်းတာ မကြိုက် ဒီလူနဲ့ပေါင်းတာ မကြိုက်ဆိုတော့ ကျွန်မ အတန်း ထဲမှာ အနူတွေအဝဲတွေလည်း မပါပါဘူး အန်တီရယ်၊ အားလုံးက ဖော်ရွေကြတယ်။ အဲလိုစိတ်ဓာတ်လေးတွေက လည်း ဒီလိုကလေးတွေမှာပဲ အများအားဖြင့် တွေ့ရတာပါ။ အပြိုင်အဆိုင်ဆိုတာရှိမှ တိုးတက်သလို၊ အပြိုင်အဆိုင် ကြောင့် လူကိုထိခိုက်တတ်တယ် အန်တီ''
''ကျွန်မသားကို အခန်းပြောင်းပေးလို့ရမလား ဆရာမ''
သူက သူ့သားကို အခန်းပြောင်းချင်တာနဲ့ ကျွန်မ ကလေးတွေကို ဝါးလုံးသိမ်းပြောနေရာကနေ ပြတ်ပြတ် သားသား မေးလာတော့တယ်။
''ကောင်းပြီ အန်တီ့သားကို အခန်းပြောင်းလို့ရအောင် စီစဉ်ပေးပါ့မယ်''
ကျွန်မ ထထွက်လာခဲ့တယ်။ ကျွန်မ ငိုချင်စိတ်လည်း ပေါက်လာတယ်။ ကျောင်းအုပ်ကြီးကို အကျိုးအကြောင်း ပြောပြပြီး ကလေးကို အခန်းပြောင်းပေးဖို့ ကျွန်မ ပြောလိုက်တယ်။
ကျောင်အုပ်ဆရာမကြီးလည်း ဒေါသထွက်သွားတယ်။
''အဲဒီကလေးကို အခုချက်ချင်းပဲ ပြောင်းပေးလိုက်သမီး''
ကျွန်မအခန်းကို ပြန်ရောက်လာတယ်။ သူ့အမေကလည်း အခန်းရှေ့မှာ စောင့်နေတယ်။ အန်တီ့သားကို အခုချက်ချင်း (A) ခန်းကို ပြောင်းပေးဖို့ ဆရာမကြီး ပြောလိုက်တယ်။
''ထင်အောင် မင်း (A) ခန်းကိုပြောင်းရမယ်။လွယ် အိတ်သိမ်း အခုပဲပြောင်းရမှာ သား''
ထင်အောင်ခမျာ ဘုမသိဘမသိနဲ့ လွယ်အိတ်လေး သိမ်းပြီး အခန်းပြင်ထွက်လာတယ်။
ကျွန်မရယ်၊ ထင်အောင်ရယ်၊ သူ့အမေရယ် သုံး ယောက် (A) ခန်းကိုဦးတည်ပြီ လျှောက်လာတယ်။
(A) ခန်း ဆရာမ ဒေါ်အေးအေးနဲ့ လမ်းမှာတွေ့တယ်။
''သမီး တီချယ်အားလုံး ကြားပြီးပါပြီ။ သမီး သွားလို့ ရပြီ''
ထင်အောင်တို့ သားအမိနှစ်ယောက်ကို တီချယ် ဒေါ်အေးအေးနဲ့အတူတူထားခဲ့လိုက်ပြီး ကျွန်မအခန်းကို ပြန်လာခဲ့တယ်။ ကျွန်မ မျက်ရည်တွေ ဝဲနေတယ်။
ထင်အောင်တစ်ယောက် ကံကောင်းပါစေလို့ပဲ ကျွန်မ ဆုတောင်းတယ်။
(၁) လခန့်ကြာသော် ...
(A)ခန်းမှာ ထင်အောင်တစ်ယောက်လည်း အဆင်ပြေပါ့မလား မသိဘူး။ သူ့ခမျာ ဘာမှမသိရှာဘူး။ မိဘရဲ့ လိုသလို ပုံသွင်းတာကို ခံရတယ်။
''တီချယ်အေး ... ထင်အောင် တစ်ယောက် အခြေ အနေ''
သူတို့အတန်းပိုင်တီချယ်ကို ကျွန်မမေးကြည့်တော့
''မလွယ်ပါဘူးသမီးရယ် (A) ခန်းက သိတဲ့အတိုင်း ကလေးတွေက စာဆိုမှစာ တစ်ခုတည်းကို ရူးသွပ်ကြတာ။ စာဆိုရင်လည်း မြန်သလားမမေးနဲ့ ထင်အောင်လေးက သနားစရာပါ။ သူများတွေအမြန်ဆိုတော့ သူမဆိုနိုင်ရှာဘူး။ သူ့အမှတ်တွေကလည်း သမီးအခန်းမှာရခဲ့တဲ့ အမှတ် ထက်ကို တော်တော်လေး နည်းသွားတယ်။ ကလေးက စိတ်ဓာတ်ကျသွားတာ။ သူစာလည်းမလုပ်ချင်တော့ဘူး ဖြစ်နေတယ်။ ပြီးတော့ ဒီအခန်းကကျောင်းသားကျောင်းသူတွေက လူမှုဆက်ဆံရေး အားနည်းကြတယ်။ ဖော်ဖော်ရွေရွေက လည်းမရှိ၊ သူ့အတွက် ပိုအားငယ်ရတာပေါ့ သမီးရယ်။ ဒီကလေး ဒီပုံစံတိုင်းဆို စာမေးပွဲတောင်ကျသွားနိုင်တယ်။ တီချယ် မနက်ဖြန် သူ့အမေနဲ့တွေ့ဖို့ ခေါ်ထားတယ်။ကလေးဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှဖြစ်တော့မယ်''
ဒီနေ့မနက် ကျွန်မအခန်းရှေ့မှာ ထင်အောင်တို့ သားအမိ ရောက်နေပါတယ်။ ကျွန်မလည်း အခြေအနေကို ရိပ်မိလိုက်ပါတယ်။
''ဆရာမ'' ထင်အောင်အမေက ဦးစွာ ကျွန်မကို နှုတ်ဆက်ပါတယ်။
ကျွန်မလည်း ''ဟုတ်ကဲ့''လို့ ပြောပြီး ပြုံးပြလိုက်ပါတယ်။
''ကျွန်မလည်း ဆရာမကို ဘယ်လိုတောင်းပန်ရမလဲတောင် မသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ မှားသွား ပါတယ်။ ကျွန်မသားလေးကို ဆရာမအခန်းမှာ ပြန်သင်ခွင့်ပေးပါနော် ဆရာမ''
ထင်အောင်အမေ မျက်ရည်ဝဲ နေတာ ကျွန်မ သတိထားမိလိုက်တယ်။
''ရပါတယ် အန်တီရယ် ဝမ်းသာပါတယ်။ ကဲ သား ထင်အောင် မင်းအရင်ထိုင်ခဲ့တဲ့နေရာကို သွားတော့လေ မင်းသူငယ်ချင်းတွေစောင့်နေတယ်''
ထင်အောင်တစ်ယောက် တလှုပ်လှုပ်နဲ့ အခန်းထဲ ဝင်သွားတယ်။
''ကျွန်မ နားလည်လိုက်ပါပြီ ဆရာမရယ်... အရာအားလုံးကို ကျွန်မနားလည်ခဲ့ပြီ''
ထင်အောင့်အမေ မျက်ရည်များကျလာတော့တယ်။
''ကဲ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့တော့ အန်တီရယ် အားလုံပုံမှန်ပြန်ဖြစ်လာမှာပါ။ စိတ်ချ ကျွန်မလည်း ဝမ်းသာပါတယ်''
ထင်အောင်တစ်ယောက် အရင်လိုပြန်ဖြစ်လာတော့ မယ်ဆိုတာကို ကျွန်မသိရတဲ့အတွက် ကျွန်မ ဝမ်းသာမိ ပါတယ်။
ထင်အောင်တစ်ယောက် တစ်လနီးပါး ပျောက်ဆုံးခဲ့ရတဲ့ သူ့ရဲ့လွတ်လပ်တဲ့ ပျော်ရွှင်မှုမျိုး ပြန်ရလာတယ်။ သူစာတွေ ပြန်လုပ်လာတယ်။ သူ စိတ်ဓာတ် မကျတော့ဘူး။အခုဆိုရင် သူ လပတ်စာမေးပွဲတွေမှာ အမှတ်ပြန်ကောင်းလာ တယ်။
ကျွန်မတို့လူသားတွေဟာ ဖိအားဆိုတာကို တွန်းအား တစ်ခုအနေနဲ့ သွားသွားမြင်တတ်ကြတယ်။ တကယ်တော့ ဖိအားက ဖိအားပါပဲ တွန်းအားတစ်ခုမဟုတ်ဘူး။ မိဘ တွန်းအားဆိုတာ မိဘရဲ့ထောက်ပံ့မှု၊ ထောက်ခံအားပေးမှု၊ မိဘရဲ့ချီးကျူးမှု ဒါတွေက တွန်းအားပါ။ တချို့မိဘတွေက အမှတ် ၁ဝဝ မှာ ၁ဝ မှတ်လောက်လျော့တာမျိုး အဆင့် (၁) ကနေ အဆင့်(၂) ဖြစ်သွားတာမျိုးကို ဆူကြတယ်။ ဒါတွေက သားသမီးတွေအတွက် တွန်းအားတစ်ခု မဖြစ် စေဘဲ ဖိအားတွေဖြစ်လာစေတယ်။
အဆင့်(၁) က တစ်ယောက်ပဲ ဖြစ်နိုင်တယ် ဆိုပေမယ့် အောင်မြင်တဲ့သူက တစ်ယောက်မက ဖြစ်နိုင်တယ်။ သူက တော့ အဆင့်(၁) ဖြစ်ချင်မှဖြစ်မယ်။ မိဘဆိုတာ သား သမီးကို အမြင့်ဆုံးနေရာမှာမြင်ချင်တာ မိဘတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် တစ်ခါတလေ မိဘတွေက သားသမီးကို အလွန် ဖြစ်စေချင်တဲ့
အတွက် မရည်ရွယ်ဘဲ ဖိအားတွေပေး နေသလို ဖြစ်တတ်ပါတယ်။ ကလေးဘာဖြစ်ချင်လဲဆိုတာထက် သူတို့ဖြစ်ချင်တဲ့ဆီကိုပဲ အတင်းသွားခိုင်းနေတယ်။
တချို့မိဘတွေဟာ စာတော်တဲ့ သူတွေနဲ့နေမှ စာ ပိုတော်ကြမယ်၊ စာညံ့တဲ့ သူတွေနဲ့နေရင် စာပိုညံ့ကြမယ်၊ ပျက်စီးကြမယ်ဆိုတဲ့ အတွေးတွေ ရှိနေတယ်။ တကယ်တော့ နှစ်ခုလုံးက ကာယကံရှင်ရဲ့ ရွေးချယ်မှုနဲ့ပဲ ဆိုင်တယ်။ အမှတ်တွေ အများကြီးမရတဲ့ ကလေးတွေမှာလည်း ဖြူစင်တဲ့ နှလုံးသားရှိတယ်ဆိုတာ ကျွန်မတို့ကျောင်းက တချို့ မိဘတွေ နားလည်ကြရင် သိပ်ကောင်းမှာပဲ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
_
(၂၁.၈.၂၀၁၆) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွေ ဖော်ပြပြီး
Social Plugin