လူတိုင်းမှာ မထင်ထား လောက်အောင် အံ့သြဖို့ကောင်းတဲ့ စိတ်ကူးအိပ်မက်လေးတွေ ရှိတတ်ကြတယ်။ လူတိုင်းကတော့ ကိုယ်လုပ်ချင်တာလေးတွေ ကိုယ်လုပ်နေရရင် ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်လာခဲ့ရင် ပျော်တတ်ကြတယ်။ အဲ့ဒီလို အပျော်လေးတွေ ရှိနေရင် ကျွန်တော်တို့ ရှင်သန်နေရတဲ့ ဘဝတိုတိုလေးဟာ အထာကျတယ်လို့ ပြောလို့ရတယ်။

ပြီးခဲ့တဲ့ နှစ် ဒီလို အချိန်က ပို့စ်တစ်ခုမှာ ကျွန်တော့် စိတ်ကူးအိပ်မက်လေး တစ်ခု ရေးခဲ့ဖူးတယ်။ အဲ့ဒါကတော့ အခမဲ့ ဖတ်ရှုနိုင်တဲ့ သုတ၊ ရသ စုံစုံလင်လင်ပါတဲ့ အွန်လိုင်း မဂ္ဂဇင်းလေး တစ်ခု ထုတ်ဝေချင်ခဲ့တာ ..။ တချို့တွေအတွက် ရယ်စရာ ဖြစ်ခဲ့တယ်။ ၂၀၁၆ စက်တင်ဘာလ လောက်ကပေါ့။

အဲ့ဒီလိုနဲ့ (၅) လ အကြာ ၊ ၂၀၁၇ ဖေဖော်ဝါရီမှာ အွန်လိုင်း မဂ္ဂဇင်းလေးအတွက် စပြီး ပြင်ဆင်ပါတော့တယ်။ ရည်ရွယ်ခဲ့တာကတော့ ကျွန်တော်တို့လို တက်သစ်စတွေအတွက် လှေကားထစ်ကလေး တစ်ခု အားအင် တစ်ခုအနေနဲ့ အတူတူ လျှောက်လှမ်းဖို့ဆိုပြီး တော့ပေါ့။

မဂ္ဂဇင်း နာမည်ကိုတော့ တစ်ခါကြားဖူးရုံနဲ့ အမြဲ မှတ်မိအောင်ဆိုပြီး မနက်တိုင်း ကျွန်တော်တို့ သုံးလေ့ရှိတဲ့ Morning ဆိုတဲ့ စကားလုံးလေးကို သုံးခဲ့တယ်။ ပြီးတော့ Morning တို့ Good Night တို့ဆိုတာ ဦးနှောက်ထဲက ပျော်ရွှင်မှုကို ခံစားတဲ့ အစိတ်အပိုင်းတွေကို နှိုးဆွပေးတဲ့ စကားလုံးလေးတွေလို့လည်း စာထဲမှာ ဖတ်ခဲ့ရဖူးတယ်။ အဲ့ဒါကြောင့် Morning E-Magazine လို့ နာမည်ပေးလိုက်တယ်။

သူငယ်ချင်းတွေထဲက စာရေးသူ တချို့ကို အယ်ဒီတာအနေနဲ့ လုပ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ တချို့သူတွေကိုလည်း ပင်တိုင် စာရေးသူတွေ အနေနဲ့ ဝင်ရောက်ရေးသားပေးကြဖို့ အကူအညီတောင်းခဲ့တယ်။
သူတို့အားလုံးလည်း စိတ်ပါလက်ပါ လက်ခံခဲ့ကြတယ်။ ကူညီခဲ့ကြတယ်။ ဒီလိုနဲ့ စာမူတွေ ပတ်ပြီး အလှူခံခဲ့တယ်။

၂၀၁၇ ခုနှစ် မေလမှာ ပထမဆုံး Morning E-Magazine No.1, Issue.1 (May,2017) ကို pdf version နဲ့ အခမဲ့ ထုတ်ဝေနိုင်ခဲ့တယ်။ နောက် ဒုတိယ No.1, Issue.2 ကို April မှာ ထုတ်ဝေခဲ့တယ်။ အဲ့ဒီနောက် အကြောင်း အမျိုးမျိုးကြောင့် မဂ္ဂဇင်းလေး ဆက်မထွက်နိုင် ဖြစ်ခဲ့တယ်။ အဲ့ဒီကနေမှ ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလ (၁) ရက်နေ့မှာ No.1,Issue.3 ကို ဒီဇိုင်းပိုင်းက အစ အသေးစိတ် သေချာပြင်ဆင်ပြီး အသွင်သစ်နဲ့ ပြန်လည် ထုတ်ဝေနိုင်ခဲ့တယ်။ အဲ့ဒီအတွက်လည်း ပျော်မိပါတယ်။

မဂ္ဂဇင်းဆိုတော့ ကြော်ငြာကိစ္စ အတွက် မေးမြန်းလာတဲ့ သူတွေ ရှိတဲ့အခါ ကြော်ငြာကိစ္စ စဉ်းစားရ ပါတော့တယ်။ နောက်တော့ ကျွန်တော်တို့ စဉ်းစားမိတာက အခမဲ့ Magazine တစ်ခုလည်း ဖြစ်တယ်။ non-profit ဆိုတော့ ကြော်ငြာလက်မခံဖို့ ဆုံးဖြတ်ထားပါတယ်။ မဂ္ဂဇင်းမှာ ရေးနေတဲ့ စာရေးသူတွေကလည်း အကျိုးအမြတ် တစ်စုံတစ်ရာ လိုချင်လို့ ရေးသားနေကြတာ မဟုတ်ဘဲ စာရေးချင်လို့ ရေးနေကြတဲ့ သူတွေချည်းပါပဲ။ အဲ့ဒီတော့ ဝင်ငွေလမ်းကြောင်း လုံးဝမရှိတဲ့ မဂ္ဂဇင်းလေး အဖြစ် ဆက်သွားမယ်ပေါ့။

Morning E-Magazine ဟာ အခက်အခဲ မျိုးစုံနဲ့ ရုန်းကန်နေရတဲ့ မဂ္ဂဇင်းလေး တစ်ခုပါ။ Morning က ဝင်ငွေလည်း မရှိသလို ရှိတာလေးနဲ့ပဲ ရှိသလို Morning ကို အကောင်အထည် ဖော်ခဲ့ရတယ်။ ပိုမိုကောင်းမွန်တဲ့ ကဏ္ဍတွေ တင်ဆက်နိုင်အောင်လည်း သူငယ်ချင်းတွေနဲ့ အတူ ကြိုးစားနေပါတယ်။ အခုဆိုရင် Morning E-Magazine လေးဟာ No.1, Issue.3 အထိ ထွက်ပြီးတဲ့အထိ လစဉ် Download ရယူ ဖတ်ရှုတဲ့သူ ရာဂဏန်း ရှိနေပါပြီ။ Wun Zinn မှာလည်း အခမဲ့ ဖတ်ရှုလို့ရပါတယ်။

Morning ကို ကျွန်တော် ချစ်တယ်။
Morning က စာရေးသူတွေကိုရော ?
ဒီမေးခွန်းကိုတော့ Morning က စာရေးသူတွေထဲမှာ ကျွန်တော်နဲ့ သက်တူ ရွယ်တူ ဆိုဒ်တူ ဂိုက်တူ စာရေးဆရာမ လန်းလန်းလေး ရှိလာတဲ့ အခါကျမှပဲ ဖြေပါတော့မယ်။ :P

ကျွန်တော့် ယူဆချက်လေး တစ်ခု ရှိတယ်။ စိတ်ကူး အိပ်မက်တွေဆိုတာ သေဆုံးတယ် မရှိဘူး။ တစ်ခုပြီး တစ်ခု ပြောင်းလဲသွားတာပဲ ရှိတယ်။ ကျွန်တော်တို့ ရှင်သန်နေသ၍ ကာလပတ်လုံး ကျွန်တော်တို့ စိတ်ကြိုက် စိတ်ကူးတွေ ယဉ်နိုင်တယ်။ ဖြစ်နိုင်တာပဲ ဖြစ်ဖြစ် မဖြစ်နိုင်ဘူးပဲ ဆိုဆို ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ်။ အဲ့ဒီလို စိတ်ကူးတွေ အိပ်မက်တွေကနေမှ တစ်ဆင့် လက်တွေ့ ကြိုးစား အကောင်အထည် ဖော်နိုင်ခဲ့ရင်တော့ အတိုင်းထက်လွန် ပျော်စရာကြီးပေါ့ဗျာ။

ကျွန်တော်တို့ ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရတဲ့အခါ … ပျော်တတ်ကြတာ ထုံးစံပါပဲ။ Morning ဟာလည်း ကျွန်တော့် ဘဝထဲမှာ ကျွန်တော့်ကို ပျော်စေခဲ့တဲ့ အရာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ဒါက ကျွန်တော် တစ်ယောက်တည်းနဲ့တော့ ဖြစ်လာခဲ့တဲ့ အရာ တစ်ခုမဟုတ်ပါဘူး။ သူငယ်ချင်းတွေရဲ့ ပေါင်းစည်းအားကြောင့် ဒီလို ဖြစ်လာတာပါ။ Morning ဆိုတာ ကျွန်တော့်အတွက် ယနေ့အချိန်ထိတော့ ရှင်သန်နေဆဲ အမှတ်တရလေး တစ်ခုပေါ့။

Morning E-Magazine ၏ လိပ်စာ - https://morningmm.blogspot.com

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)