ကျောင်းတုန်းက
ရန်ဖြစ်ဖူးလား .. ဆိုရင် ဖြစ်တော့ ဖြစ်ဖူးတယ်။ ဘေးချင်းကပ် ထိုင်တဲ့ သူငယ်ချင်း
အချင်းချင်း တစ်ခါတလေ စကားများ ကတောက်ကစ အနည်းငယ် ဖြစ်ဖူးရုံ။ ကြီးကြီးမားမား
ချိန်းပြီး ထိုးတာမျိုးတွေ ဘာတွေတော့ မလုပ်ဖူးဘူး။ ကျွန်တော် ၈ တန်း ကျောင်းသားဘဝက
၅ ယောက် ၁ ယောက် ရန်ပွဲတော့ ဖြစ်ခါနီး လက်တစ်လုံး အလိုလောက်ထိ ဖြစ်ဖူးတယ်။
အမှတ်တရပေါ့။ ကျွန်တော်က တစ်ယောက်ပါ .. ဟွင်း ဟွင်း။
▌တိုးတက်အောင်ဆိုတာ ဘယ်ကောင်လဲ
၈ တန်း ကျောင်းသားဘဝပါ။ ထမင်းစားဆင်းချိန်၊ ကျွန်တော်လည်း မုန့်ဈေးတန်းက ပြန်လာပြီး ကိုယ့်အတန်းထဲမှာ ကိုယ်ထိုင်နေတဲ့ အချိန်ပေါ့။ နေ့လည် ၁၂ နာရီ ခွဲ လောက် ဖြစ်မယ်။ အခန်းရှေ့ကို အရပ်မြင့်မြင့် ထောင်ထောင် မောင်မောင်း ဗလတောင့်တောင့် ကျောင်းသား (၅) ယောက် ရောက်လာတယ်။
“တိုးတက်အောင်ဆိုတာ ဘယ်ကောင်လဲ”
ကျွန်တော်လည်း အမှုမဲ့ အမှတ်မဲ့ ၊ အခန်းပြင်ထွက်ပြီး ကျွန်တော် ပါ လို့ ပြောလိုက်တယ်။ တစ်ယောက်က ကျနော့နား ကပ်လာပြီး ရင်ဘတ်ကို လက်နဲ့ တွန်းလိုက်တယ်။
“ - ီး မို့လို့ မင်းက ဆဲတာလား”
“ဗျာ…”
ခဏလေးအတွင်းမှာတင် ကျွန်တော်နားမှာ ရှုပ်ယက်ခက်သွားတယ်။ ဒီကြားထဲ
ဟို ငါးယောက်ကို မတားဘဲ ကျွန်တော့်ကို ဆွဲထားတဲ့ သူက ရှိသေးတယ်။
ကျွန်တော် ကြောင်သွားတယ်။ ဘာလားပေါ့။ စဉ်းစားချိန်တောင် မရ၊ ဘေးကို ကြည့်လိုက်တာ ကျွန်တော့် နှစ်ဆ လောက်ရှိတဲ့ ခန္ဓာကိုယ် အရွယ်အစား ၄ ယောက် ပါသေးတယ်။ အခြေအနေက မဟန်ဘူး။ တစ်ခုခု လွဲနေပြီး ဆိုတာပဲ သိတယ်။ ဘယ်က ဘယ်လို အစဖော်ပြီး မေးရမလဲ ဘာလုပ်ရမှန်း မသိ။
အဲ့ဒီအချိန်မှာ အဲ့ဒီကောင်တွေနဲ့ သိတဲ့ ကျွန်တော့် သူငယ်ချင်းက ထွက်လာတယ်။
“ဟာ .. ဟဲ့ရောင်တွေ .. သွား .. သွား မလုပ်ပါနဲ့ကွာ .. ဒါ ငါ့သူငယ်ချင်းလေး နားလည်းပေးပါ”
သူလုပ်ကာမှ ကိုယ့်မှာ ကြောင်တောင်တောင် ပို ဖြစ်သွားတယ်။ ဘာမှလည်း မလုပ်ဘူး။ ဘာမှလည်း နားမလည်နိုင်။ သူ ပြောတော့လည်း အကုန်လုံး ပြန်သွားကြတယ်။ သူကတော့ ကိုယ် ပြဿာနာ ရှာလာတယ် ထင်လို့ ဝင်ပြီး ထိန်းလိုက်တာ။ ကိုယ့်မှာ မျက်လုံး အပြူးသားလေးနဲ့ ကျန်ခဲ့ရတယ်။ ဒါပေမယ့် ဒီကိစ္စကို သေသေချာချာ သိအောင် လုပ်ရတယ်။ တော်ကြာ ညနေ ကျောင်းဆင်းမှ သံတုတ်နဲ့ ဝိုင်းရိုက်လို့ စောစောစီးစီး နိဗ္ဗာန် ရောက်သွားနိုင်တယ်လေ။
ဒီပြဿာနာရဲ့အစက ကျွန်တော် တို့ အခန်းထဲက ငနာ တစ်ကောင်က မုန့်ဈေးတန်းမှာ ပြဿာနာ ရှာလာတယ်။ ရန်ဖြစ်မလို ဖြစ်ပြီး မင်း ဘာကောင်လဲ လို့ မေးတော့ … “တိုးတက်အောင် ..” ဆိုပြီး ပြောခဲ့တယ်။ သူဘာတွေ လုပ်ခဲ့လဲတော့ မသိဘူးဗျာ။ အဲ့ဒီမှာ အပေါ်ထပ်က ကောင်တွေက “တိုးတက်အောင်” ဆိုတဲ့ကောင်ကို တွေ့ရင် တွေ့တဲ့ နေရာမှာ ဆား မထည့်တော့ဘူး .. အစိမ်းကို စားပစ်မယ် ဆိုပြီး ခဲထားပုံရတယ်။ ငါး ယောက် လောက် လာတာကတော့ နာမည်ကို ကြည့်ပြီး ဒီကောင့်ကို တစ်ယောက် တစ်ယောက်ချင်းတော့ မရလောက်ဘူး ထင်လို့ ဖြစ်မယ် … :P
ကျွန်တော်လည်း မနေနိုင်လို့ သူတို့ အတန်းပိုင် ဆရာမ ဆီသွား .. အကျိုးအကြောင်း သွားရှင်းပြရတယ်။ ရှင်းပြတဲ့ နေရာမှာလည်း သူတို့ကို တိုင်တာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း၊ ဘာမှဖြစ်ချင်လို မဟုတ်ဘူး ဆိုတဲ့အကြောင်း၊ သူတို့ လူမှားနေတာရယ် ကျွန်တော် မဟုတ်ဘူးဆိုတာရယ် သိစေချင်ရုံ ဆိုတဲ့ အကြောင်း အနှောင့်အသွား လွတ်အောင် ပြောရသေးတယ်။ ကြီးတဲ့ အမှု ငယ်အောင်၊ ငယ်တဲ့ အမှု ပပျောက်အောင်ပေါ့။ ကိုယ်က ညနေ ကျောင်းဆင်းရင် စက်ဘီးနဲ့ တစ်ယောက်တည်း ပြန်ရတာလေ။ ဆရာမကတော့ ကျနော့ အဖြစ်ကို ကြည့်ပြီး ရယ်နေပါတယ်။
အဲ့ဒီနေ့ကတော့ ကျောင်းမှာ “အပေါ်ထပ်က ကောင်တွေနဲ့ တိုးတက်အောင် နဲ့ ငြိတယ်” ဆိုပြီး သူငယ်ချင်းတွေကြား ရေပန်းတွေ စားတော့တာပဲ။ ကိုယ်က အဲ့လောက် ဇ လည်း ရှိတာ မဟုတ်ဘူးရယ်။ လူမှားပြီး ဖြစ်ကြတာ။ ကျွန်တော့် နာမည်ကို သုံးတဲ့ ကောင်ကိုတော့ စိတ်တိုမိတာ အမှန်ပဲ။
အဲ့ဒီတုန်းကတော့ စိတ်ပျက်စရာ အဖြစ်အပျက်တစ်ခုပါ။ အခက်မသင့်ရင် ရန်ပွဲဖြစ်သွားနိုင်တယ်။ ပြီးတော့ ကျွန်တော် ကျောင်းက အဲ့သလို ဖြစ်ရင် ကျောင်းနား၊ ဒါမှမဟုတ် ကျောင်းထုတ်လုပ်တာ များတော့ အဲ့ဒါကို အရမ်း ကြောက်တယ်။ မဖြစ်ချင်ဘူး။ အဲ့ဒီတုန်းက အတော် စိတ်ညစ်ခဲ့ရပေမယ့် အခုချိန်မှာ အမှတ်တရလေး တစ်ခု အဖြစ် ရှိနေပါပြီ။ တွေးမိတိုင်း .. ပြုံးမိတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin