အချစ်ဆိုသည်ကား မျက်နှာလေး တွေ့လိုက်ရရုံဖြင့်ပင် နောက်တစ်ကြိမ် ပြန်တွေ့ချင်သည်လား။
စကားလေးတစ်ခွန်း ကြားလိုက်ရရုံဖြင့်ပင် နောက်တစ်ကြိမ် ပြန်ကြားချင်သည်လား…။
အကြည့်လေး တစ်ချက်ဆုံလိုက်ရရုံဖြင့်ပင် နောက်တစ်ကြိမ် ပြန်ဆုံချင်သည်လား ….။
ဇင်ဖြိုး တစ်ယောက် နံနက်ကတည်းက တစ်ယောက်တည်း ပြုံးလိုက် ဖုန်းကြည့်လိုက်နှင့် ပျော် နေသည်။ ပူအိုက်သည့်နွေရာသီ ဖြစ်သော်လည်း သူ့အဖို့ အေးမြနေလား မပြောတတ် …။ ဖုန်းကိုသာ ကြည့်ပြီး ပြုံးစိစိ ဖြစ်နေသည်။
“ငါ အဖြေရပြီကွ”
“ဟေ … နောက်ဆုံးတော့ မေခဆီက အချစ်ကို မင်းရခဲ့ပြီပေါ့ … ဒါနဲ့ မင်းတို့တွေ့ဖြစ်ကြသေးလား”
“ကျောင်းပိတ်ကတည်းက မတွေ့ဖြစ်တာ ဆိုပါတော့”
“မင်းသူ့ကို သွားမတွေ့ဘူးလား”
“အခွင့်အရေးမပေးသေးပါဘူးကွာ … ကျောင်းဖွင့်ရင်တော့ မမြင်ချင်မှ အဆုံး တွေ့နေရမှာပါကွာ”
“အေးပါကွာ .. ဒါနဲ့ မင်းပျော်လား”
“ဟာကွာ ဘယ်နှယ့်မေးလိုက်တာလဲကွာ မပျော်ဘယ်ရှိကွာ … ပြီးတော့ ငါက ချစ်သူလည်း တစ်ခါမှ ထားဖူးတာ မဟုတ်ဘူး … ဒါအချစ်ဦးကွ ပျော်တာပေါ့ … တစ်စိမ့်စိမ့်တွေးပြီးတော့ကို ပျော်နေတာ”
“အေးပါ .. အေးပါ … ဒါနဲ့ မင်းသူ့အကြောင်းတွေကို မျက်ကွယ်ပြုနိုင်လို့လား”
ဇင်ဖြိုး မျက်နှာပေါ်မှ အပြုံးများ ရုတ်တရက် လွင့်ပျောက်ကုန်သည်။ တစ်ခဏ အတွင်းမှာပင် သူမျက်ရည် အနည်းငယ် ဝဲသွားသည်။
“အဲ့အကြောင်းတွေ အစမဖော်ပါနဲ့လားကွာ”
ဖျော့တော့တော့ အသံ အားမရှိတော့သည့်ဟန်ဖြင့် ဇင်ဖြိုးအသံမှာ တိုးလွန်းနေသည်။
“အေးပါ … အေးပါ”
သူငယ်ချင်းဖြစ်သူ မြင့်နိုင်လည်း သဘောပေါက်၍ စကားကို ရပ်လိုက်သည်။ ခုနက တက်တက်ကြွာကြွ ဖြစ်နေခဲ့သည့် ဇင်ဖြိုးတစ်ယောက် ... ရုတ်တရက် ငြိမ်ကျသွားပြီး မေခ၏ အတိတ်က အကြောင်းများဆီသို့ …
----------------x---------------
ဆယ်တန်း ကျောင်းသား ဘဝကတည်းက မေခကို တိတ်တခိုးချစ်နေခဲ့သူမှာ ဇင်ဖြိုး ဖြစ်သည်။ သို့သော် ဖွင့်မပြောဖြစ်ခဲ့ခြင်းက သူတို့နှစ်ယောက်ကို ဝေးသွားစေခဲ့သည်။ ထို့နောက် မေခနှင့် ပြည့်ဖြိုးကျော် တို့ ချစ်သူ ဖြစ်သွားကြသည်။ ထိုအချိန်က ဇင်ဖြိုးသည် ဆယ်တန်း ကျောင်းပြီးမှသာ မေခကို ဖွင့်ပြောမည်ဟု ဆုံးဖြတ်ထားခဲ့ပြီး သူမဖွင့်ပြောမီမှာခင် မေခနှင့်ပြည့်ဖြိုးကျော်တို့ ချစ်သူဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် …. မမျှော်လင့်သည့် နေ့တစ်နေ့ ….။
“ဟဲ့ရောင် မင်းကြားပြီးပြီလား … မေခနဲ့ ပြည့်ဖြိုးကျော် တည်းခိုခန်းက ထွက်လာတယ်တဲ့”
“ဟင် … မင်းကို ဘယ်သူပြောတာလဲ”
“အေ ဘယ်သူပြောတာလဲတော့ မသိဘူး တစ်ကျောင်းလုံး ပျံ့နေပြီ”
“ဘာ … တောက်! ဒီကောင် ယုတ်မာ..”
“ဟ … နေပါဦး တစ်ယောက်ယောက်က ဖွတာလည်း ဖြစ်မှာပါ”
“ဒါ ဖွစရာလားကွာ”
မြင့်နိုင်ပြောသော စကားများသည် ဇင်ဖြိုး၏ ရင်ထဲသို့ မိုးကြိုးများပစ်ချနေသကဲ့သို့ ဖြစ်နေသည်။ လူတိုင်း၏ အကြည့်၊ တိုးတိုးတိတ်တိတ် ပြောစကားများကြား မေခရင်ထဲ မည်ကဲ့သို့ ဖြစ်နေမည်နည်း။ ဇင်ဖြိုး ခံစားနေရသည်ဆို လျှင် မေခသည် အဆပေါင်း ထောင်သောင်းများစွာ ပိုနေလိမ့်မည်။ အရင်နေ့တွေတုန်းက မေခ၏ မျက်နှာသည် ကြည်လင်ဝင်းပနေခဲ့သော်လည်း ထိုနေ့နံနက်တွင် တိမ်ဖုံးနေသော လကဲ့သို့ ဖြစ်နေသည်။
ထို့နေ့ညနေ ….
“ဘာ … နင် လူမှဟုတ်ရဲ့လား … နင် နှမချင်းမစာနာဘူး”
“အေ … ငါ နင့်ကို အဆုံးရှုံးမခံနိုင်ဘူး … အဲ့တာကြောင့် ဒီလို သတင်းလွှင့်ခဲ့တာ .. အခုဆို နင့်ကို ဘယ်သူမှ မကြိုက်တော့ဘူး ငါစိတ်ချသွားပြီ”
“ဖြောင်းးးး” ထိုအသံနှင့်အတူ မေခလက်ဝါးသည် ပြည့်ဖြိုးကျော် မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။
“နင့်ကို ငါအရမ်းမုန်းတယ် …”
မေခ၏ မျက်ဝန်းအိမ်၌ အမုန်း မျက်ရည်များဖြင့် ပြည့်နှက်လျှက်ရှိသည်။ သူမ၏ ပါးစပ်နှင့် နှာခေါင်းကို လက်တစ်ဖက်ဖြင့် အုပ်လျှက် ပြေးထွက်သွားတော့သည်။ ပြည့်ဖြိုးကျော်မှာ မျက်ရည်များနှင့်အတူ ဘောလုံး ကွင်းနားတွင် ကျန်ခဲ့သည်။ သူ့မျက်ရည်များမှာ ဝမ်းနည်းခြင်းကို အဓိပ္ပါယ်ဆောင်နေသလား မာန အတွက် နာကျင်နေသော ယောက်ျာမပီသခြင်းကို ဖွင့်ဆိုနေသလား။ ထိုနေ့ အဖြစ်အပျက်များမှသည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများ အဖြစ်သို့ ………..။
----------------x---------------
“ချစ်သူ”
ဇင်ဖြိုးလည်း ယုံကြည်မှုရှိရှိ ခေါ်လိုက်တော့သည်။
“ဘာ ချစ်သူလဲ”
“ဟာ … ကိုယ့်ချစ်သူမို့ ချစ်သူခေါ်တာလေ”
“သြော် .. ဘယ်သူပြောတုန်း”
“ဟာကွာ … မနေ့ညက မင်းပဲ ချစ်တယ်ပြောရမှာ ရှက်လို့ msg ကနေ ပို့ပြီးပေးခဲ့တာလေ”
“လွဲနေပြီနော် … မနေ့ညက ငါ ဖုန်းမသုံးဘူး”
“မနောက်ပါနဲ့”
“မနောက်ဘူး … မနေ့ညက ငါ ဖုန်းမသုံးဘူး … ငါ့မမ နင့်ကိုစတာ ဖြစ်မယ်”
ဇင်ဖြိုးမျက်ရည်များ ဝဲသွားတော့သည်။ ဇင်ဖြိုးစိတ်ထဲ စနောက်နေသည်ဟု ထင်ခဲ့မိသော်လည်း မေခမှာ စနောက်နေခြင်း မဟုတ်ဘဲ အတည်ပြောနေခြင်း ဖြစ်သည်။
“မေခ … နင် … နင် လိမ်တယ်”
“နင်က … တစ်ခြားတစ်ယောက်နဲ့ပဲ သင့်တော်ပါတယ်ဟာ ငါ့ထက်သာတဲ့သူ လောကကြီးမှာ အများကြီးရှိပါတယ် ငါ့ကို ရွေးချယ်တဲ့အတွက် နင်နောင်တ ရသင့်တယ် ငါတောင်းပန်ပါတယ် … ဇင်ဖြိုး … ငါနင့်ကို မချစ်နိုင်ဘူး”
“ဘာ … ဟာ ဘယ်လိုတွေဖြစ်ကုန်တာလဲ မနေ့က”
“အဲ့အဖြေ ငါပေးတာ မဟုတ်ပါဘူဆို”
မေခ၏ ခပ်မာမာ စကားသံ ထွက်လာပြီးနောက် ဖုန်းချသွားတော့သည်။ ဇင်ဖြိုးခမျာ ဖုန်းလေးကိုင် လျှက်ပင် မျက်ဝန်းအိမ်တို့မှ မျက်ရည်များ သွင်းသွင်းစီးကျလာသည်။ မိမိချစ်သူဆီက အချစ်ကိုရခဲသည်ဟု ထင်မှတ်၍ ဇင်ဖြိုး ပျော်ရွှင်ခဲ့သည်။ ယခုတော့ အဲ့ဒီအချစ်ဟာ သူ့ဆီက မဟုတ်သည်ကို သိလိုက်ရသဖြင့် ပျော်ရွှင်ခြင်းတို့သည် တစ်ခဏအတွင်း တိမ်မြုပ်ပျောက် ကွယ်သွားတော့သည်။
---------------x---------------
ယခု ဇင်ဖြိုး မေခကို နောက်တစ်ကြိမ် ပြန်တွေ့ချင်စိတ် မရှိ။ သို့သော် ကျောင်းဖွင့်ပြီ ဖြစ်၍ မတွေ့ချင် မမြင်ချင်လည်း မျက်စိခလုတ် တိုက်စရာ အကြောင်းတော့ ရှိလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ တတ်နိုင်သမျှ ရှောင်မည်ဟု ဇင်ဖြိုး ဆုံးဖြတ်ထားသည်။
မိန်းဆောင်ထဲမှ ထွက်လာပြီး ခရေပင်လမ်းလေးအတိုင်း ဇင်ဖြိုး လျှောက်လာသည်။ လမ်းတစ်လျှောက် ခရေပင်များ စွယ်တောပင်များ နှင့် ပြည့်နှက်လျှက်ရှိနေသော လမ်းလေးသည် သစ်ပင်များ ထူထပ်မှုကြောင့် လား မပြောတတ် … အေးစိမ့်လျှက်ရှိသည်။ ထိုအချိန်တွင် ဇင်ဖြိုး ရှေ့တည့်တည့်မှ လျှောက်လာသူမှာ မေခဖြစ်နေသည်။ ဇင်ဖြိုး၏ ခြေလှမ်းများ ရုတ်တရက် တစ်ချက် တုံ့ဆိုင်းသွားခဲသော်လည်း ဆက်လက် လျှောက်လှမ်းလျှက် ...။
နှစ်ဦးစလုံး မျက်နှာချင်းဆိုင် လျှောက်လာခဲ့ခြင်းဖြစ်၍ တဖြည်းဖြည်း ဇင်ဖြိုးနှင့်မေခတို့ နီးသတဲ့နီးလာ ခဲ့ပြီ။ မေခကို မသိချင်ယောင်ဆောင်ပြီး ဆက်လျှောက်သွားမည်ဟု ဇင်ဖြိုး ဆုံးဖြတ်ထားပုံ ပေါ်သည်။
“ဇင်ဖြိုး”
ရုတ်တရက် မေခဆီက မထင်ထားသော စကားသံ ထွက်လာပေါ်သည်။ ဇင်ဖြိုး ရုတ်တရက် ရပ်သွား သည်။ ထို့နောက် ဆက်လျှောက်မည့် ခြေလှမ်းပြင်လိုက်သည့်အချိန်တွင်
“ငါ … တောင်းပန်ပါတယ်”
ထိုစကားကြောင့် ဇင်ဖြိုး နောက်တစ်ကြိမ် တုံ့ဆိုင်းသွားသည်။
“မလိုပါဘူးဟာ … အချစ်ဆိုတာ တစ်ဖက်က ဘယ်သူနဲ့မှမတူတဲ့ အနှိုင်းမဲ့အချစ်နဲ့ ချစ်လည်း တစ်ဖက်က လက်မခံရင် အလကားပဲ”
“နင်ကလည်းဟာ…”
“ငါနင့်ကို ချစ်ဖို့ ဘယ်လောက်သတ္တိမွေးခဲ့ရလဲ သိလား … ပတ်ဝန်ကျင်ကို ဘယ်လောက် မျက်ကွယ်ပြုခဲ့ရလဲ နင် .. သိလား ... ပြီးတော့ နင့်ဆီက အဖြေရတယ်ထင်ပြီ ငါ ဘယ်လောက်ပျော်ခဲ့ရလဲ သိလား?"
ဇင်ဖြိုး၏ စကားကြောင့် မေခ မျက်ရည်ဝဲ သွားတော့သည်။
“ငါ ချစ်သလောက် နင်ပြန်မချစ်နဲ့ဦး တစ်ဝက်လောက်ချစ်ရင်တောင် နင်ရူးသွားမယ်"
ဇင်ဖြိုး တဖြည်းဖြည်း ဒေါသပါလာသည်။
"အရာအားလုံးကို မျက်ကွယ်ပြုပြီး ငါ့ကိုချစ်ခဲ့တာ အနှိုင်းမဲ့ အချစ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကြားမှာ နင် ကျရှုံးသွာမှာကို စိုးရိမ်မိတဲ့ ငါကရော ….?”
“ဘယ်လို ...."
မေခထံမှ ရုတ်တရက် ထွက်လာသော မေးခွန်းကို ဇင်ဖြိုး နားမလည် …။
(ဘယ်သူကိုယ့်လောက် ချစ်သလဲ xxx စဉ်းစားကြည့်ပါတော့ xxx မင်းအပေါ်မှာ xxx ကိုယ့်လောက်တော့ မချစ်နိုင်ဘူး)
မေခ၏ လက်ကိုင်ဖုန်းမှ Ringtone သံလေး ထွက်ပေါ်လာခဲ့သည်။
“လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံ ချစ်နည်း မတူကြဘူး ဇင်ဖြိုး …လောကမှာ နင်မသိသေးတဲ့ အချစ်တွေ အများကြီးရှိသေးတယ် …. ငါ့ သူငယ်ချင်းတွေ ခေါ်နေပြီ သွားတော့မယ်”
မိန်းထဲသို့ ဝင်သွားသည့် မေခ၏ ခြေလှမ်းများကို ငေးကြည့်လျှက် ကျန်နေခဲ့သူမှာ ဇင်ဖြိုး ဖြစ်သည်။ လေပြေလေးများ ဟိုသည် ပြေးလွှားလျှက် ရှိသည်။ ခရေပင်တို့သည်လည်း တစ်ပင်နှင့်တစ်ပင် ပွတ်သပ်ကျီစယ် လျှက် ....။
ထိုနေ့ ထိုအချိန်က ချစ်၍စွန့်စားသူနှင့် ချစ်၍စွန့်သွားသူ နှစ်ယောက်အကြား အချစ်ချင်းပြိုင် မည်သူနိုင်မှန်း မသိခဲ့သည့် ပုံပြင်လေး တစ်ပုဒ် တက္ကသိုလ် အသိုက်အဝန်းအတွင်း အချိန်ကာလ တစ်ခုအထိ စိမ့်ဝင်ပျံ့နှံ့ခဲ့ဖူးသည်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin