ငယ်ငယ်က ကျွန်တော်တို့မှာ ရွေးချယ်စရာ အခွင့်အလမ်းတွေ အများကြီးရှိနေတယ် ဆိုတာ သိခွင့်မရခဲ့ကြဘူး။ ကျွန်တော်တို့ သိခဲ့တာ အမှတ်အများကြီးရတဲ့သူတွေ အဆင့်မြှင့်တက္ကသိုလ်တွေ ရောက်မယ်။ အမှတ်နည်းနည်းပဲ ရတဲ့သူတွေ သာမန်တက္ကသိုလ်တွေကို ရောက်မယ်။ အမှတ်နည်းနည်းရတဲ့သူတွေအတွက် ဒါပဲရှိတာလား? တခြားဘာတွေ ရှိသေးလဲ? အဲ့ဒါတွေကို ဆရာတွေက မပြောပြခဲ့ဘူး။ စာတော်တဲ့သူ အချိန်တန်သူဌေးဖြစ် စာညံ့တဲ့သူ ဆိုက်ကားသမားဖြစ် ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကလည်း မရိုးနိုင်အောင်ပေါ့။

အမှတ်တွေအများကြီး မရတဲ့ သာမန်အလတ်တန်းစာ လူအများစုအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရှိနေလဲဆိုတာ ဆရာတွေ နှုတ်ဆိတ်နေခဲ့ကြတယ်။ ဆရာတွေ ပြောပြတာက အမှတ်အများကြီး ရနေတဲ့ လူတစ်စုကို စံထားပြီး သူတို့ရဲ့ ရွေးချယ်ခွင့်တွေ အခွင့်အလမ်းတွေ သူတို့ရဲ့ အနာဂတ် ဘယ်လို ဖြောင့်ဖြူးမှာ စတာတွေကိုပဲ အားလုံးကို ပြောပြလေ့ရှိတယ်။ ဒါတွေက အများအားဖြင့် ကျွန်တော်တို့ကို စိတ်ဓာတ်ခွန်အား မရစေဘဲ ငါ့ဘဝသွားပြီလား? ဆိုတဲ့ မေးခွန်းမျိုးတွေပဲ အတွေးထဲ ဝင်လာစေတယ်။

ဆယ်တန်းအောင်ပြီးတဲ့ အချိန် အဝေးသင်ကျောင်းသားဘဝနဲ့ အလုပ်တွေလုပ်ရင်း လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာပြီး မျက်စိပွင့် နားပွင့် အခြေအနေ ဖြစ်လာတဲ့အခါ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ အများကြီးရှိနေတယ်။ သင်ယူစရာတွေလည်း ရှိနေတယ်။ စိတ်ကူးအိပ်မက်တွေ အများကြီး ရှိနေတယ်။ အကောင်အထည်ဖော်နိုင်ဖို့ အဲ့ဒါတွေက လက်တစ်ကမ်းအလိုမှာ ရောက်နေတယ်ဆိုတာ သိလိုက်ရတယ်။

အခုဆို ကျွန်တော်တို့ဆီမှာ ပုဂ္ဂလိက သင်တန်းကျောင်းတွေ အများကြီး ဖွင့်လာကြတယ်။ အဆင့်မြင့် တက္ကသိုလ်တွေ တက်ခွင့်မရခဲ့လည်း ကိုယ်သာ စိတ်ဝင်စား ဝါသနာပါ ရူးသွပ်မယ်ဆိုရင် ဒီသင်တန်းကျောင်းတွေက ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေကို ကောင်းကောင်းကြီး အကောင်အထည် ဖော်ပေးနိုင်တယ်။ ကျွန်တော်တို့ အခြေခံပညာ ကျောင်းသားဘဝမှာ အဲ့ဒါတွေ မသိခဲ့ဘူး။ သိခဲ့တာက ဆရာတွေပြောပြောနေတဲ့ အမှတ် ၄၀၀ ကျော် ၅၀၀ ကျော်မှ တက်လို့ရတဲ့ တက္ကသိုလ်တွေ အကြောင်း …။ အဲ့ဒါကြောင့် ကျွန်တော်တို့မှာ အဲ့ဒီအရွယ်တုန်းက စိတ်ကူးအိပ်မက်ဆိုတာ မက်ဖို့ တော်တော်ခက်ခဲတယ်။

ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စွမ်းဆောင်ရည်တွေ ရူးသွပ်မှုတွေ မတူညီကြတဲ့အတွက် သူတို့နဲ့ ကိုက်ညီတဲ့ အခွင့်အလမ်းတွေကိုသာ ပြောပြခဲ့မယ်ဆိုရင် သူတို့မှာ အမြဲတမ်း စိတ်ဓာတ်ကျနေတာမျိုးတွေ မဖြစ်တော့ဘဲ သူတို့မှာ အိပ်မက်တွေရှိတယ် အကောင်အထည် ဖော်နိုင်ခွင့်တွေရှိတယ်ဆိုတာ သူတို့နှလုံးသားထဲမှာ စိမ့်ဝင့်လာစေနိုင်တယ်။

ဒီလို မျှော်လင့်ချက်တွေနဲ့သာ ရှင်သန်စေခဲ့ရင် သူတို့လေးတွေထဲက တိုင်းပြည်အတွက် သူရဲကောင်း မဟုတ်ရင်တောင် အညတရ ကောင်းတွေ အများကြီး ပေါ်ထွက်လာနိုင်တယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)