ထွန်းနိုင်က တစ်ထောင်တန်လေး တစ်ရွက်ကို ဝေ့ရမ်းလျှက် သူတို့ အားလုံး၏ မျက်လုံးအစုံကို တစ်ချက်သိမ်းကြုံး ကြည့်လိုက်သည်။ 

ဖိုးသဲတို့ ကိုကျော်ခင်တို့၊ မောင်သောင်းတို့ပါ ထွန်းနိုင်လက်ထဲက တစ်ထောင်တန်လေးကို ကြည့်နေကြသည်။

“မင်းတို့မှာ ပိုက်ဆံ တစ်သိန်းရှိရင် ဒါမျိုး ပိုက်ဆံ ငါးသိန်းရမယ်”

 ထွန်းနိုင်စကား ကြားတော့ အားလုံး အံ့သြမျက်နှာ ကိုယ်စီ ဖြစ်ကုန်ကြသည်။

“ဟေ … ပိုက်ဆံချင်း အတူတူပဲ မဟုတ်ဘူးလား”  ကိုကျော်ခင်က နားမလည်သဖြင့် ထွန်းနိုင်ကို ပြန်မေးသည်။

 “ဟ .. ဟ .. ဟ”
ထွန်းနိုင်က ခပ်အုပ်အုပ် တစ်ချက်ရယ်ပြီး
“ဒါ ပိုက်ဆံ အတု”
“ဟင်”
သုံးယောက်စလုံး မျက်လုံးများ ပြူးထွက် သွားတော့သည်။

ထွန်းနိုင်ကတော့ အံ့သြသည့် ပုံမပေါ်သည့်အပြင် သွားလေးပေါ်လျှက် ပြုံးလျှက်သား ရှိနေသည်။

“ပိုက်ဆံ အတုဆိုရင် သုံးလို့ ဘယ်ရမလဲကွ” ကိုကျော်ခင်က မျက်မှောင် ကြုံ့လျှက် ပြောလိုက်သည်။

“ဟ .. အစစ်နဲ့ တူမှ အတုလို့ ပြောလို့ရတာလေ မယုံရင် ဒီပိုက်ဆံတွေကို သုံးကြည့်ပါလား ... ရော့”

 ထွန်းနိုင်က သူ့ကျောပိုးအိတ်ထဲမှ တစ်ထောင်တန် (၁၀) ရွက်ကို ထုတ်ပြီး သူတို့ သုံးယောက်အား ပေးသည်။

သူတို့လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီးနောက် ထွန်းနိုင်ပေးသည့် တစ်ထောင်တန် ဆယ်ရွက်ကို ယူလိုက်တော့သည်။

“မင်းတို့ သုံးလို့ရတယ် စိတ်တိုင်းကျတယ်ဆိုရင် ဒီလို ပိုက်ဆံမျိုးတွေ မင်းတို့အတွက် ငါရှာပေးနိုင်တယ် ဒါပေမယ့် ဘယ်သူမှတော့ လျှောက်မပြောနဲ့ မင်တို့ငါတို့ဟာ သူငယ်ချင်း အချင်းချင်းတွေမို့ ငါ ကူညီတာ”

-----x---×---x-----

ထွန်းနိုင်သည် သုံးခွရွာသား တစ်ယောက် ဖြစ်သော်လည်း မြို့တက်ပြီး စီးပွားရှာနေသူ တစ်ယောက် ဖြစ်သည်။ သူ့အဖေနှင့် အမေက သ ူငယ်ငယ်လေး ကတည်းက ကွဲသွားကြသည်။ သူ့အဖေက မြန်မာ - ယိုးဒယား နယ်စပ် မြဝတီဘက်သို့ ထွက်သွားခဲ့ပြီး ယနေ့တိုင် သတင်း အစအနပင် မရ။

သူ့အဖေ ထွက်သွားပြီးနောက် ထွန်းနိုင်ခမျာ သူ့အမေ၊ သူ့အဖွားတို့နှင့် ကျန်နေခဲ့သည်။ သူ မူလတန်း ကျောင်းသားဘ၀ ရောက်ချိန်တွင် သူ့အမေမှာ လယ်ထဲ၌ ပိုးထိပြီး ကွယ်လွန် သွားခဲ့သည်။

ထိုအချိန်မှစ၍ ထွန်းနိုင်သည် သူ့အဖွားနှင့်သာ နေရသည်။ သူ ဆယ်တန်း ရောက်သည့်အချိန် သူ့အဖွားမှာလည်း လူကြီးရောဂါနှင့်ပင် ဆုံးရှာသည်။ ထို့နောက် ထွန်းနိုင် ဆယ်တန်း ဆက်မတက်တော့ဘဲ မြို့ပေါ်သို့ စီးပွားရှာရန် ထွက်သွားသည်။

ထိုအချိန်မှစ၍ ထွန်းနိုင် ရွာပြန်မရောက် ဖြစ်တော့ဘဲ ယခုတစ်ကြိမ်မှ ပြန်ရောက်လာခြင်း ဖြစ်သည်။

-----x---×---x-----

“ကဲ ဘယ်လိုလဲ ကိုယ့်လူတို့ အဆင်ပြေရဲ့လား”

ထွန်းနိုင်က တစ်စုံတရာကို ကျေနပ်ဟန် ကြိုသိနေဟန် မျက်နှာထားနှင့် ၏ မေးလိုက်သည်။

ကိုကျော်ခင်က…
“အေးကွ … မင်းပေးတဲ့ ပိုက်ဆံတွေက သုံးလို့တော့ ရသား အစစ်နဲ့ တထေရာတည်းပဲ … ရေဆိုလည်း ဘာမှမဖြစ်ဘူး ကြားဖူးနာဝါ နေရောင် ထောင်ကြည့်တော့လည် အရုပ်ကလေး မြင်ရတယ် ဒါနဲ့ နေပါဦး မင်းဒီပိုက်ဆံတွေ ဘယ်ကရ”

 “အိုကွာ … ဒါကတော့ မင်တို့သိစရာ မလိုဘူးထင်တာပဲ အရေးကြီးတာ ဒါမျိုးပိုက်ဆံ မင်းတို့အတွက် လုပ်ပေးရမလား ပဲ ပြော”

ထွန်းနိုင်စကားကြားတော့ ကိုကျော်ခင်က သက်ပြင်းရှည်ကြီးတစ်ချက် "ဟင်း" ခနဲ ချရင်း

“ဒီနှစ် ပဲ ကလည်း ထင်သလောက် မထွက်ဘူး … တစ်နှစ်ကလည်း ရှုံးတယ် ဒီအချိန်မှာ ဒီပိုက်ဆံတွေနဲ့ ဖြေရှင်းလိုက်ရင် ကောင်းမလားလို့တော့ စဉ်းစားမိတယ်”

“ဒါဆို မင်းတို့ သဘောက ?”

ဖိုးသဲ၊ ကိုကျော်ခင်နှင့် မောင်သောင်းတို့ သုံးယောက်သား ခေါင်းချင်းဆိုင် တိုင်ပင်ကြတော့သည်။

-----x---×---x-----

သူတို့ (၃) ယောက် တစ်ယောက် (၂) သိန်းစီ စုလိုက်သောအခါ စုစုပေါင်း (၆) သိန်းရသည်။
ပိုက်ဆံ (၆) သိန်း အရင်းပြု၍ သိန်း (၃၀) ရမည့် အခွင့်အရေး တစ်ခုကို သူတို့ အပိုင်း ဖမ်းဆုပ်နိုင်မည်လား။

လောဘမီး တို့သည် တဟုန်းဟုန်း တောက်လောင်လျှက် …။

“ကဲကဲ … စုံရင် သွားကြမယ်”

ထွန်းနိုင်နှင့် အတူ ဖိုးသဲ၊ ကိုကျော်ခင်၊ မောင်သောင်းတို့ ရန်ကုန်သို့ ထွက်လာခဲ့သည်။

လမ်းခရီးတွင် ကိုကျော်ခင်ကလည်း ပြုံးရွှင်သော မျက်နှာကြီးနှင့် အကြွေးတွေ ကြေ တော့မည်ကို ကြိုတင်၍ စိတ်ကူးယဉ်နေသည်။

ဖိုးသဲလေး ကလည်း အိမ်ဈေးဆိုင်လေး တည်ရတော့မည်ကို ရည်မှန်းလျှက်။

မောင်သောင်းကတော့ တစ်ရွာသူ အေးမြကို တောင်းရမ်း လက်ထပ်ခွင့် ရတော့မည်ကို အကြောင်းပြုလျှက်။

သုံးယောက်သား စိတ်ကူးယဉ် ကမ္ဘာကိုယ်စီ၌ ရွက်လွှင့် နေကြသည်။

-----x---×---x-----

အားလုံး ခြံကြီး တစ်ခြံရှေ့သို့ ရောက်လာကြသည်။ အပြင်းပန်းမှ ကြည့်ရသည့် ပုံစံအရ အိမ်ကြီးမှာ အေးချမ်း တိတ်ဆိတ်လျှက်။ အမြင်၌ ခမ်းနားလွန်းနေပြီး နေချင်စဖွယ် ဖြစ်နေသည်။

“ကဲကဲ … ငါ ဝင်သွားမယ် မင်းတို့အပြင်ကစောင့်နေ သူဌေးက အပြင်လူဝင်တာ မကြိုက်ဘူး မင်တို့ ပိုက်ဆံတွေ ပေး”

 “သြော် .. အေးအေး ရော့”

ကြွပ်ကြွပ်အိတ် အမဲနှင့်ထုတ်ထားသော သုံးယောက်သား စုမိဆောင်းမိသမျှ ပိုက်ဆံ (၆) သိန်းကို ထွန်းနိုင်လက်ထဲ ထည့်ပေးလိုက်သည်။ ထွန်းနိုင်က သူတို့ပေးသော အိတ်ကိုယူပြီး အိမ်ခြံဝင်း အတွင်းသို့ ဝင်သွားတော့သည်။

(၁၅) မိနစ်ခန့်အကြာ …။
ဖိုးသဲတို့ မောင်သောင်းတို့မှာလည်း မင်နိုင်ဝင်သွားသည်မှာ (၁၅) မိနစ်ခန့်ရှိပြီ ဖြစ်၍ အကျိုးအကြောင်း သိချင်နေကြပြီ။

“ဒါနဲ့ ဒီက ငါ့တူရီးတို့က ဘယ်ကိုလာကြတာလဲ မသိဘူး”

 “ဗျာ”

 အသက် (၅၀) အရွယ်ခန့် အသားညိုညို ထောင်ထောင် မောင်းမောင်း လူကြီးတစ်ယောက်က သူတို့အဖွဲ့ကို ရုတ်တရက် မေးလိုက်သည်။
ထို့အခါ ကိုကျော်ခင်က …

“ဒီလိုပါ အဘ ကျွန်တော်တို့ အလုပ်ကိစ္စတစ်ခုနဲ့ လာတာပါ ကျနော်တို့ သူငယ်ချင်းက အခု ဒီခြံထဲက သူဌေးနဲ့ ဝင်တွေ့နေပါတယ်”

 “မဟုတ်သေးဘူး … ငါတူ သူဌေးက မန္တလေးမှာ တစ်လတစ်ခါပဲ ဒီကိုပြန်လာတယ် ငါက ဒီအိမ်ကြီးမှာ စောင့်ပေးရတာ အခုသူဌေးမရှိဘူး နေစမ်းပါဦး မင်းတို့ သူငယ်ချင်းက ဘယ်က သူဌေးနဲ့ တွေ့တာလဲ”

 “ဗျာ ….”

 ဦးလေးကြီး၏ စကားအဆုံး သူတို့သုံးယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဖိုးသဲလက်ထဲမှ ကိုင်ထားသော အိတ် "ဘုတ်ခနဲ" အောက်သို့ ပြုတ်ကျသွားပြီး မောင်သောင်းမှာတော့ ချက်ချင်း မြေပေါ်ထိုင်လျှက်သား ဖြစ်သွားသည်။
ကိုကျော်ခင်မှာတော့ တုန်ရီနေသော နှုတ်ခမ်းတစ်စုံနှင့်အတူ ….။

 -----x---×---x-----

"ဟေ့ ကောင်တွေ နေဦး ဘာလို့ သူများခြံထဲ ဝင်ပြေးတာလဲ"

 ခြံစောင့်ဘကြီး၏ စကားသည် သူတို့ (၃) ယောက်အတွက် မည်သို့သော သက်ရောက်မှုမျိုးမျှ မဖြစ်။

သုံးယောက်စလုံး အိမ်ခြံဝင်းအတွင်းသို့ ဝင်ရှာကြတော့သည်။

၎င်းတို့အားလုံး အသားများ တုန်ရီနေကြပြီး မျက်ဝန်းအိမ်တို့တွင် မျက်ရည်များလည်း ဝဲလျှက်ရှိနေသည်။

ခြံဝင်းအတွင်း နေရာအနှံ့ရှာကြသော်လည်း ထွန်းနိုင်ကို မတွေ့။
ခြံအနောက်တံခါးမှာ ပွင့်လျှက်သား ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။

"ဟဲ့ရောင်တွေ မင်းတို့ ဘာလုပ်တာလဲ ခုချက်ချင်း ဒီခြံထဲကထွက် မထွက်ရင် ငါရဲတိုင်ရမလား"

 ခြံစောင့် ဘကြီး လိုက်လာပြီး ဖိုးသဲ၊ မောင်သောင်း၊ ကိုကျော်ခင်တို့ သုံးယောက်ကို ဒေါသတကြီး အော် ပြောတော့သည်။

"ကျနော့် သူငယ်ချင်းကို ရှာတာဗျ ... သူ ကျွန်တော်တို့ ပိုက်ဆံတွေယူပြီ သူဌေးကို စကားပြောမယ်ဆိုပြီး ဒီခြံထဲဝင်သွားတာ"

 "ဟေ ... ဒါဆို မင်းတို့ အလိမ်ခံရပြီ"

 ခြံစောင့်ဦးလေးကြီး၏ စကားတစ်ခွန်းနှင့် အတူ သုံးယောက်သား ကမ္ဘာပျက်သွားတော့သည်။

ပိုက်ဆံ ခြောက်သိန်းကို အရင်းပြု၍ ပိုက်ဆံ သိန်းသုံးဆယ် ယူမည့် သူတို့ သုံးယောက်စလုံး၏ အစီအစဉ်မှာ သဲထဲရေသွန်ဖြစ်လေပြီ။

ထွန်းနိုင်က တစ်ရွာတည်းနေ တစ်ရေတည်း သောက်ခဲ့သည့် မျက်နှာများကိုမျှ မထောက် အကွက်ကျကျ ခင်းပြီး အထာကျကျ လိမ်သွားခဲ့သည်။

သူတို့သုံးယောက်အတွက် ပြုသင့်သည်ကို မပြုမိ၊ မပြုသင့်သည်ကို ပြုမိသည့်အတွက် အချိန်လွန်မှ စိုးရိမ်ပူပန်ခြင်းဟူသည့် နောင်တရရုံမှ တစ်ပါး အခြားရစရာ မရှိတော့ပါ။

သုံးယောက်စလုံး စိတ်ကူးအိပ်မက် ကိုယ်စီ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့် ထားခဲ့ကြသော်လည်း ယခုအခါ ယူ၍လည်းမရ ကြုံး၍လည်း မရ "ယူကြုံးမရ" ဝမ်းလျှောသကဲ့သို့ ဖြစ်ချေပြီ။

လွယ်လွယ် မရနိုင်သော အရာများကို လွယ်လွယ် ရယူချင်သည့် စိတ်ကြောင့် အခြား ရနိုင်သည့် ကိုယ်စီ စိတ်ကူးအိပ်မက်များသည်ပင် အကောင်အထည်ဖော်ရန် ပို၍ ခက်ခဲသော အခြေအနေတစ်ခုသို့ ရောက်သွားတော့သည်။

ဤလောကတွင် မည်သည့်အရာမဆို အလွယ်လိုက် လွန်းနေလျှင် အလွယ်ရလာမည် မဟုတ်ဘဲ ပို၍ခက်ခဲလာမည်သာ ဖြစ်သည်။ တစ်စုံတရာ အောင်မြင်မှုကို လိုလားလျှင် ထိုက်သင့်သော ပေးဆပ်မှုမျိုး၊ စွန့်စားမှုမျိုးတို့ဖြင့် ကြိုးစားရုံမှ တစ်ပါး အခြားမရှိ ...။

စာဖတ်သူများကို ကျေးဇူးတင်လျှက်
တိုးတက်အောင်(ပဲခူး)