လူတိုင်း အမြဲ မမှန်နိုင်ပါဘူး။ ဒါကြောင့် လူတိုင်း ဝေဖန်မှုတွေကနေ အမြဲကင်းလွတ်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဝေဖန်ခံရတိုင်းလည်း မှားတယ်လို့ သတ်မှတ်လို့မရပြန်ဘူး။ အမှန်တရားဆိုတာ တစ်ခါတလေ “ဖီးဂျမ်းနဲ့ သီးမွှေး ဘယ်ဟာ ငှက်ပျောသီး ပိုစစ်လဲ” ဆိုသလိုဖြစ်နေတတ်ပါတယ်။
ဝေဖန်မှုတွေဟာ ကိုယ်တစ်ယောက်တည်း ကြုံရမှာမဟုတ်ပါဘူး။ မည်သူမ ဆို အချိန်မရွေး ဝေဖန်ခံရနိုင်တယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုလည်း “လူအများလက်ခံတဲ့ ခေါင်းဆောင်” ဆိုတာပဲ ရှိတယ်။ “လူအားလုံး လက်ခံတဲ့ ခေါင်းဆောင်” ဆိုတာ မရှိပါဘူး။ လူအားလုံး လက်ခံမှ ခေါင်းဆောင် ဖြစ်မယ်ဆိုရင်လည်း ရွေးကောက်ပွဲကို ထပ်ခါထပ်ခါ ပြန်ကျင်းပနေရတာနဲ့တင် ပြီးတော့မယ် မထင်..။
ကျွန်တော်တို့ အသက်ရှင်နေသ၍ ကာလပတ်လုံး ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရမှာပါ။ ဝေဖန်တဲ့ နေရာမှာ အပြုသဘောရယ်၊ အပျက်သဘောရယ် ဆိုပြီး (၂) မျိုးရှိပါတယ်။ အပြု သဘောဆောင် ဝေဖန်မှုတွေကို လက်ခံတတ်ဖို့ လိုပါတယ်။ အပျက်သဘော ဝေဖန်မှုတွေကိုကျတော့ စိတ်ထဲသိမ်းမထားဖို့ လိုအပ်ပါတယ်။ အပျက်သဘောဆောင် ဝေဖန်မှုတွေဆိုတာ တစ်နည်းအားဖြင့် ပုတ်ခတ်တဲ့ သဘောဘက် ကို ဦးတည်ပါတယ်။
ဝေဖန်ခြင်းနဲ့ ပုတ်ခတ်ခြင်းကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ယခုလို မိန့်ထားပါတယ်။
•ဝေဖန်ခြင်းဆိုတာ သူ့အမှားသူ ပြန်စဉ်းစားနိုင်အောင်ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး သုံးသပ်ပြတာမေတ္တာ၊ ပညာ၊ အကြင်နာနဲ့ ပြောတာ။
•ပုတ်ခတ်ခြင်းဆိုတာ သူ့အမှားကို ချက်ကောင်းယူပြီး စော်ကားတာ။အမုန်းတွေ ဒေါသတွေနဲ့ ချေဖျက်ပစ်တာ။သူတစ်ချက်မှားတာကို ဆယ်ချက်လောက် အပြစ်ပြောတာ။
•ဝေဖန်ခြင်းဟာ သူရောကိုယ်ပါ ချမ်းသာစေတယ်။ပုတ်ခတ်ခြင်းဟာ သူကိုယ်မခွဲ ဆင်းရဲစေပါတယ်။
( မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး )
အပြုသဘောဆောင် ဝေဖန်မှုတွေကို လက်ခံတတ်ပါစေ
တချို့ဝေဖန်မှုတွေဟာ နွေးထွေးမှု အပြည့်ပါပါတယ်။ ကျွန်တော်တို့ကို မထိခိုက်စေဘဲ ကျွန်တော်တို့ အမှားကို ကျွန်တော် သိစေနိုင်တဲ့ ဝေဖန်မှုမျိုးတွေ ရှိပါတယ်။ တစ်ခါက ကျွန်တော် သံပေါက် ကဗျာတစ်ပုဒ်ရေးတယ်။ ဒါပေမယ့် အဲ့ဒီကဗျာမှာ ကာရန် တစ်ချက် လွတ်နေခဲ့ပါတယ်။ ဒါကို ဆရာကြီး တစ်ဦးက မက်ဆေ့ချ်ကနေ တစ်ဆင့် လာ အသိ ပေးတယ်။ ကျွန်တော့် အမှားကို ပြင်ပြီး အမှန်ကိုမြင်နိုင်အောင် သူထောက်ပြပေး သွားတယ်။ ကဲ … ကြည့် ဘယ် လောက် ကြည်နူးစရာ ကောင်းလဲ။ ကျွန်တော့်ကိုလည်း ဘာမှမထိခိုက်တဲ့အပြင် ကျွန်တော့်အတွက် အကျိုးတောင် ဖြစ်သွားသေးတယ်။
တချို့သော လူတွေဟာ ဒီလိုအပြုသဘောဆောင် နွေးထွေးမှု အပြည့်ပါတဲ့ ဝေဖန်မှုတွေကိုတောင် “မင်း အဲ့လောက်တတ်နေရင် မင်းကိုယ်တိုင် တစ်ပုဒ်လောက်ရေးကြည့်ပါလား?” “သူများကို ဝေဖန်တယ်ဆိုတာ အလွယ်ဆုံး အလုပ်” သိလား ဘာညာကွိကွ ဆိုပြီး ရှက်ရမ်းရမ်းကြပါတယ်။ ရှက်စရာ မဟုတ်တဲ့ အရာကို ရှက်လိုက်တာဟာ အများအမြင်မှာ အတော်လေး အကျည်းတန်ရုပ်ဆိုးသွားစေပါတယ်။ ဒါ့အပြင်ကိုယ့်ရဲ့ ပုံရိပ်ကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။ ပုံရိပ်ဟာ လူတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ ပုံရိပ်မကောင်းတဲ့ လူတစ်ယောက် ဟာ လူ့လောကကြီးထဲမှာ ကောင်းမွန်စွာ ရပ်တည်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။
အပျက် သဘောဆောင် ဝေဖန်မှုတွေကို လျှစ်လျှူရှုတတ်ပါစေ
တစ်ခါတရံ ကိုယ့်အပေါ် တစ်စုံတစ်ခုသော အကြောင်းကြောင့် လိုအပ်တာထက်ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန် လာတာမျိုးတွေကြုံရတတ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း စာစရေးခါစက အပျက်သဘောဆန်ဆန် ပြင်းပြင်း ထန်ထန် ဝေဖန်ခံခဲ့ရဖူးတယ်။ စာစရေးခါစအချိန် ဆိုတော့ တစ်ခါမှ ဝေဖန်မခံရသေးဘူးပေါ့။ အဲ့ဒါကြောင့် ကျွန်တော့်အတွက် အရာအားလုံးက ထူးဆန်းနေခဲ့တယ်။ ပြင်းထန်နေခဲ့တယ်။ ကျွန်တော်စိတ်တွေ အရမ်းညစ်ခဲ့ရတယ်။ စာရေးချင်စိတ်တွေပါ ပျောက်သွားလောက်တဲ့ အထိကို ပစ်ပစ်နှစ်နှစ် အုပ်စုလိုက် တိုက်ခိုက်ခံခဲ့ရတယ်။
နောက်ပိုင်း ကြာလာတော့ သူတို့ရဲ့ အပျက်သဘောဆန်ဆန် ဝေဖန်မှုတွေကို ကျွန်တော် မသိချင်ယောင် ဆောင်တတ်လာတယ်။ ကျွန်တော့်စိတ်ကို ကျွန်တော် ထိန်းလာနိုင်တယ်။ ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့ရင် နောက်တစ်ကြိမ် အဲ့ဒီလို အခြေအနေမျိုးနဲ့ ကြုံရင်နှလုံးသားထဲမှာ ဒိုင်းကာတပ်ထားသဖွယ် ခံနိုင်ရည်ရှိနေတာဟာ သဘာဝပါ။ အရေထူ သွားတယ်ပဲ ပြောရမလား မသိ။
ဒါပေမယ့် လူတိုင်းဒါကို မေ့နေတတ်ကြတယ်။ဝေဖန်ခံရတာနဲ့ လှုပ်လှုပ်ရွရွတွေ ဖြစ်ပြီး ပြင်းပြင်းထန်ထန်တွေ တုံ့ပြန်နေတဲ့အခါ အကြိမ်များစွာ ဝေဖန်ခံလာရလေ ကိုယ်ဟာလည်း သူတို့အပေါ် တုံ့ပြန်မှုတွေ ပိုပြင်းထန်လာလေလေ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ သူတို့လည်း အဆုံးအစွန်ရောက်ရော ကိုယ်လည်း အရိုင်းတုံးကြီးကို ဖြစ်ရော ဆိုသလိုမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါဟာ ဝေဖန်မှုတွေအပေါ် ခံနိုင်ရည်ရှိဖို့ကို ဦးမတည်ဘဲ ကိုယ့်ရဲ့ ပုံရိပ်ကျဆင်းခြင်းဘက်ကိုသာ ဦးတည်နေပါတယ်။
ဝေဖန်မှုတွေအပေါ် စနစ်တကျတုံ့ပြန်တတ်ပါစေ
နှစ်ယောက်ကြားက ရပ်တည်မှု ကွာခြားချက်ချက်အရ သူတို့အနေနဲ့ ပြောလို့ ဘာမှမဖြစ်ပေမယ့် ကိုယ့်အနေနဲ့ ပြောရင် ရုပ်ဆိုးသွားစေနိုင်တဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ တစ်ခါတလေ တချို့သူတွေဟာ ဝေဖန်ခံရတာနဲ့ ကိုယ့်ရပ်တည်မှုကို ကိုယ်မေ့သွား တတ်ကြပြီး ကိုယ်ဖြစ်တည်နေတဲ့ ဘဝနဲ့ မသင့်တော်တဲ့ အသုံးအနှုန်းတွေ ထုတ်သုံးတတ် ကြပါတယ်။ ဒီအချက်ကို ကောင်းကောင်းသတိထားတတ်ဖို့ လိုပါတယ်။
ဝေဖန်မှုတွေကြောင့် ကိုယ်ကျရှုံးသွားနိုင်လား?
ဝေဖန်မှုတွေကြောင့် ကိုယ်ကျရှုံးသွားနိုင်လားဆိုတဲ့မေးခွန်အစား ဝေဖန်မှုတွေအပေါ်တုံ့ပြန်တဲ့ ပုံစံပေါ် မူတည် ပြီ အခန့်မသင့်ရင် ကိုယ်ကျရှုံး သွားနိုင်ပါတယ်လို့ တစ်ကွက်ကျော်ပြီး ဖြေပါရစေ။ တချို့လူတွေဟာ ကိုယ့်ကို ကောင်းစေချင်လို့ ပြောနေတဲ့ သူတွေကိုပါ အပြစ်မြင်တတ် ကြတယ်။ ဒါဟာ လုံးဝမှားယွင်းတဲ့ အမြင်တစ်ခုပါ။ အနည်းဆုံးတော့ ကိုယ့်ကို အပြုသဘော ပြောနေတာလား? အပျက်သဘောပြောနေတာလား ခွဲခွဲခြားခြား သိဖို့လိုတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဝေဖန်ခံရတာနဲ့ ဝေဖန်တဲ့ သူဟာ ကိုယ့်ကို အလကားသက်သက် အပြစ်ထိုင် ပြောနေတယ်လို့ ထင်နေရင်တော့ အမှားကြီး မှားနေပါပြီ။ တစ်ဖက်သူက အပျက်သဘော ဘေးထိုင်ဘုပြောတာ တောင် ကိုယ့်ရဲ့ တုံ့ပြန့်တဲ့ပုံစံ မဟုတ်တာကြောင့် အခန့်မသင့်ရင် သူ့အမှားကနေ နှစ်ယောက်လုံး အမှားဖြစ်သွားနိုင်ပါတယ်။
ဝေဖန်မှုတွေဟာ ကျွန်တော် အသက်ရှင်နေသ၍ ကာလပတ်လုံး အချိန်မရွေး ကြုံတွေ့နေရဦးမှာဖြစ်တဲ့အတွက် သူတို့အပေါ် အတင်းအကြပ် ဖိနှိပ်ဖို့ ကြိုးစားတာထက် စနစ်တကျ အလိုက်သင့် တုံ့ပြန် ပြောဆို ပြုမူနေထိုင်ခြင်းကသာ ပိုကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ဆီကို အရောက်ပို့ပေးနိုင်မှာပါ။ ဒါ့ကြောင့် ဝေဖန်ခံရသည်ဖြစ်စေ ပုတ်ခတ်ခံရသည်ဖြစ်စေ စိတ်လွတ်ကိုယ်လွတ် တုံ့ပြန်ခြင်း မပြုကြဘဲ မိမိဖြစ်တည်မှုကို တန်ဖိုးထားပြီး ၎င်းတို့အပေါ် စနစ်တကျ တုံ့ပြန်ပြောဆို ပြုမူနေထိုင်နိုင်ကြပါစေလို့ ဆုမွန် ကောင်း တောင်းလျှက် …။
လေးစားစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin