တစ်ခါတုန်းက သူငယ်ချင်း (၂) ယောက် သဲကန္တာရ တစ်ခုကို ခရီးထွက်လာတယ်။ လမ်းခရီး တစ်နေရာမှာ သူတို့ နှစ်ယောက် အချေအတင် တစ်ခု ဖြစ်ကြတယ်။ အဲ့ဒီမှာ တစ်ယောက်က စိတ်တိုပြီး တစ်ယောက်ပါးကို ရိုက် လိုက်တယ်။
အဲ့ဒီမှာ ပါးရိုက်ခံရတဲ့ ကောင်လေးဟာ ဘာမှဆက်မပြောတော့ဘဲ သဲပြင်ပေါ်မှာ လက်နဲ့ စာသားအချို့ကို ရေးချလိုက်တယ်။
"ဒီနေ့ ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့ပါးကို ရိုက်တယ်"
အဲ့ဒီလိုရေးခဲ့ပြီး သူတို့ ခရီး ဆက်ထွက်ခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် အိုအေစစ် တစ်ခုဆီ ရောက်လာခဲ့တယ်။
(အိုအေစစ် = သဲကန္တာရအလယ်-လွင်တီးခေါင်အလယ်မှ-မြေသြဇာကောင်း၍ စိမ်းလန်းသောအရပ်)
အဲ့ဒီမှာ ညအိပ် နားကြဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲ့ဒီအချိန်မှာ ခုနကတုန်းက ပါးရိုက်ခံရတဲ့ ကောင်လေးဟာ ရွှံ့နွံထူတဲ့ မြေနေရာတစ်ခုကို နင်းမိပြီး အောက်ကို တဖြည်းဖြည်း ကျွံဝင် နစ်မြုပ်ပါတော့တယ်။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို ကယ်တင်လိုက်နိုင်တယ်။
အဲ့ဒီအချိန်မှာ ပါးရိုက်ခံရတဲ့ ကောင်လေးက ... နီးစပ်ရာ ကျောက်တုံးလေး တစ်တုံးကို ယူပြီး အဲ့ဒီ ကျောက်တုံးလေးပေါ်မှာ စာသားလေးတစ်ခုကို ထွင်းလိုက်ပါတယ်။
"ဒီနေ့ ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်ခဲ့တယ်"
အဲ့ဒီမှာ သူ့သူငယ်ချင်းက
"ငါ မင်းပါးကို ရိုက်ခဲ့တုန်းက သဲထဲမှာ ရေးခဲ့တယ်နော် ... အခုကကျ ဘာလို့ ကျောက်တုံးပေါ်မှာ ရေးရတာလဲ"
လို့ မေးသတဲ့။
"တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်စေခဲ့ရင် အဲ့ဒီအကြောင်းကို သဲပုံပေါ်မှာပဲ ရေးမှတ်ထားသင့်တယ်။ ခွင့်လွှတ်ခြင်း လေပြေလေးတွေ လာရင် အလွယ်တကူ ပျက်ပြယ်သွားအောင်ပေါ့။ တစ်စုံတစ်ယောက်က ကိုယ့် အတွက် ကောင်းခြင်းတွေ ဆောင်ရွက် ပေးခဲ့ရင်တော့ ဘယ်လို လေပြင်း တိုက်တိုက် ပျက်ပြယ်မသွားနိုင်တဲ့ ကျောက်တုံးလို အရာမျိုးပေါ်မှာ ထုထွင်းထားရမယ်"
လို့ ပြန်ဖြေလိုက်ပါတယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။
တစ်ခါတလေ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေ … တစ်ယောက်အပေါ် တစ်ယောက် အရမ်းကောင်းကြတဲ့ သူငယ်ချင်းတွေ တစ်စုံတစ်ရာ အကြောင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် မခေါ်မပြောတွေ ဖြစ်ကုန်တာမျိုး..။ အပြစ်တစ်ခုကြောင့် တစ်သက်လုံး ကောင်းခဲ့တာတွေကို မေ့သွားစေနိုင်တယ်။ “တစ်သက်လုံး မွေးလာတဲ့ ကြက်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်’’ ဆိုသလိုပေါ့။
တချို့ စုံတွဲလေးတွေ ဆိုလည်း တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပေမယ့် တစ်ခါတလေ ဘာမဟုတ်တဲ့ ကိစ္စရပ်လေးတွေကနေ ပြဿာနာတွေတက် အဲ့ဒါလေးတွေကနေ စပြီး တစ်ယောက်နဲ့ တစ်ယောက်မုန်းသွားတဲ့အထိ ဖြစ်ကုန်တာတွေတောင် မြင်ဖူးတယ်။ ပြဿာနာ သေးသေးလေးတွေဟာ ပြဿာနာအကြီးကြီးတွေကို လက်ယက်ခေါ်သွားတဲ့ သဘောပါ။
သူ ကိုယ့်အပေါ် တစ်ကြိမ် ဆိုးခဲ့ရင် ..ကိုယ့်အပေါ် သူ တစ်ကြိမ် ကောင်းခဲ့ဖူးလား ပြန်စဉ်းစားကြည့်သင့်တယ်။ ဒါဟာ ခွင့်လွှတ်ခြင်း ခွင့်မလွှတ်ခြင်းထက် နှစ်ဦးကြားက ဆက်ဆံရေးကို အတိုင်းအတာတစ်ခုထိ ပြန်ထိန်းပေးနိုင်တယ်။
ကိုယ့်အပေါ် ကောင်းခဲ့ဖူးတဲ့ လူတွေကို ကျောက်တုံးပေါ်မှာ အက္ခရာ ထွင်းသလို မှတ်ထားသင့်တယ်။ ကိုယ့်ဘဝရဲ့ အခက်အခဲဆုံး အချိန်မှာ ကိုယ့်ဘဝထဲ ရှိနေပေးခဲ့တဲ့ သူတွေကို တန်ဖိုးထားသင့်ပါတယ်။ ဒါဆိုရင် အဲ့ဒီလို ကောင်းခဲ့ဖူးတာလေးတွေနဲ့ ညီမျှခြင်း မထိုးနိုင်တဲ့ မှားယွင်းမှုလေးတွေကြောင့် သတိလက်လွတ် ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မခေါ်မပြော စိတ်ဝမ်းကွဲတာမျိုး တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Story ref: http://
Social Plugin