လူတိုင်းမှာ ပုံရိပ်ကိုယ်စီ ရှိကြတယ်။ အဲဒီပုံရိပ်ကို ဖန်တီးတဲ့သူကတော့ ကိုယ်ကိုယ်တိုင်ပဲပေါ့။ တချို့ လူတွေရဲ့ပုံရိပ်ဟာ အင်မတန်မှ လှပလွန်းတယ်။ သူတို့ကို တွေ့လိုက်ကတည်းက လူအများက လေးစားတယ်။ တချို့ လူတွေရဲ့ ပုံရိပ်ကျတော့ အကျည်းတန်ရုပ်ဆိုးနေတယ်။ သူတို့ကိုတွေ့လိုက်ကတည်းက လူတော်တော်များများက မနှစ်သက်ကြဘူး။ ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်ချင်ကြတယ်။ ပုံရိပ်မကောင်းတဲ့သူတစ်ယောက်ဟာ လူ့လောက ထဲမှာရပ်တည်ဖို့ အခက်အခဲမျိုးစုံရှိနိုင်ပါတယ်။ ပုံရိပ် မကောင်းရင် လူဝင်ဆန့်ဖို့နဲ့ လူကိုလူလို့ သတ်မှတ်ခြင်း ခံရဖို့ မလွယ်ပြန်ဘူး။ 

ကျွန်တော်တို့ ပြုသမျှနုသမျှ အခြေအနေအားလုံးက ကျွန်တော်တို့ရဲ့ ပုံရိပ်ကို ဖန်တီးနေပါတယ်။ ပုံရိပ်ကျဆင်းမှာ မလိုလားဘူးဆိုရင် ကျွန်တော်တို့ရဲ့အပြုအမူတွေကို တတ်နိုင်သလောက် ထိန်းသိမ်းနိုင်ဖို့ လိုတယ်။ ဥပမာ အနေနဲ့ပြောရရင် အနုပညာနယ်ပယ်ကသူတွေ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်၊ စာရေးဆရာ အစရှိသဖြင့်ပေါ့။ သူတို့အားလုံးဟာ မိမိပုံရိပ်ကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့ အရေးကြီးတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ခဏတာ ရူးသွပ်တိုင်း မထင်ရင်မထင်သလို လျှောက်လုပ်နေရင်တော့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အောင်မြင်မှုဟာ မိနစ်အနည်းငယ်အတွင်း ပျက်စီးသွားနိုင်ပါတယ်။ 

ကျွန်တော်တို့ရဲ့ပုံရိပ်ဟာ ကျွန်တော်တို့ နောက်မှာ အရိပ်တစ်ခုသဖွယ် အမြဲတမ်းလိုလို လိုက်နေပါတယ်။ ခဏတာရူးသွပ်ခြင်းက တစ်ဘဝစာအထိကို ထိခိုက်သွား တတ်တယ်။ ကျွန်တော်တို့ရဲ့အပြုအမူတွေကို နောက်ကွယ် က ထိန်းကျောင်းပေးနေတဲ့ အရာတွေရှိပါတယ်။ အဲဒါ တွေကတော့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုပါ။ အတွေ့အကြုံ ကတော့ ကျွန်တော့်ဘဝတစ်လျှောက် ဖြတ်သန်းခဲ့သမျှ အချိန်တွေ၊ ပြုလုပ်မိခဲ့သမျှအမှားတွေပေါ့။ ရင့်ကျက်မှုက တော့ဖြစ်လာတဲ့အခြေအနေ ဒါမှမဟုတ် ပြဿနာတစ်ခုကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ခြင်းပါ။ 

ဒီလိုအခြေအနေတွေဖြစ်လာဖို့ဆိုရင် ပထမတစ်ချက် စာဖတ်ခြင်းနဲ့ စဉ်းစားတွေးခေါ် စူးစမ်းလေ့လာလိုစိတ်ရှိဖို့ လိုအပ်ပါတယ်။ 

စာဖတ်ခြင်းဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုလည်းဖြစ်သလို ကမ္ဘာ့အဖိုးတန်ဗဟုသုတဘဏ်တိုက်ထဲ ဝင်မွှေတာလည်း ဖြစ်နိုင်တယ်။ ကုန်ကျစရိတ် အသက်သာဆုံး ခရီးသွားခြင်းတစ်ခုလည်းဖြစ်သလို စာသင်ခန်းထဲမှာ မသင်ခဲ့ရတဲ့ ပညာရပ်တွေကို သင်ပေးတဲ့နေရာကိုသွား တာလည်း ဖြစ်နိုင်တယ်။

စာဖတ်ခြင်းက ခံစားတတ်စေဖို့ နှိုးဆွပေးတယ်။ အတွေ့အကြုံများစွာ ရရှိစေတယ်။ ရင့်ကျက်စေရန် လမ်းညွှန်ပေးတယ်။ တွေးခေါ်တတ်စေရန် သင်ကြားပေးတယ်။

ဒုတိယတစ်ချက်က လူအများနဲ့ လိုက်လျောညီထွေး ဖြစ်အောင် အလိုက်အထိုက် ဆက်ဆံနေထိုင်တတ်ဖို့လည်း လိုသေးတယ်။ အနည်းဆုံးတော့ လူမှုဆက်ဆံရေး အခြေအနေဟာ သင့်တင့်ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေရပါမယ်။ အပြန်အလှန်တိုင်ပင်မှု၊ ကူညီဖေးမမှုတွေနဲ့ ပြည့်ဝနေတဲ့ သူငယ်ချင်းရပ်ဝန်းလေးတစ်ခုဖြစ်အောင် ဖန်တီးကြည့်သင့်တယ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေဖလှယ်ရင်း တစ်ပါးသူရဲ့အတွေ့အကြုံ၊ ဗဟုသုတတွေပါ ပြန်ရနိုင်ပါတယ်။ ဘဝထဲက ပြန်သင်ယူမယ်။ နေ့စဉ်ကြုံတွေ့နေရသမျှထဲက ပြန်သင်ယူမယ်ဆိုရင် ဒါဟာ ဘဝအတွက် ကောင်းမွန်တဲ့အလေ့အထလေးတစ်ခု ဖြစ်လာလိမ့်မယ်။

အခုပြောသွားတဲ့ အခြေအနေတွေက ကိုယ့်ရဲ့အပြု အမူတွေကို ကောင်းမွန်စွာ ထိန်းကျောင်းပေးနိုင်တဲ့ အရာတွေပါပဲ။ ဒီလိုကောင်းမွန်တဲ့ အပြုအမူတွေ ဖြစ်လာရင် ကိုယ့်ရဲ့ပုံရိပ်ဟာလည်း ကောင်းမွန်လာမယ်။ ကိုယ့်ရဲ့ပုံရိပ် ကောင်းမွန်လာရင် လူဝင်ဆန့်လာပါမယ်။ လူကိုလူလို့ သတ်မှတ်ခြင်းခံရပါမယ်။ ပြီးရင်ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးရာ အောင်မြင်မှုကလည်း နောက်ကနေ ကပ်ပါလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ပုံရိပ်ကို စနစ်တကျမြှင့်တင်ပြီး ဂရုတစိုက် ထိန်းသိမ်းကြပါလို့ တိုက်တွန်းရင်း ...။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
_______________ 
(၃၀.၁၀.၂၀၁၆) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပြီး