အခန်းထဲတွင် လစဉ် အဆင့်(၁) နှင့် (၂) ကို ယူနေသူ ယောက်ျားလေး (၂) ယောက်ရှိသည်။ တစ်ယောက် အဆင့် (၁) ရလျှင် အခြားတစ်ယောက်မှာ အဆင့် (၂) စသည်ဖြင့် အပြန်အလှန် ရှိနေကြသည်။ ထိုသူတို့မှာ ဇင်ဖြိုးနှင့် မင်းခန့် ဖြစ်သည်။ သူတို့နှစ်ဦးတွင် မတူညီသော သဘာဝ၊ ခံယူချက်၊ စိတ်နေစိတ်ထား တို့ ကိုယ်စီရှိသည်။
မင်းခန့်သည် အရာရာကို စေ့စပ်သေချာစွာ လုပ်သည်။ စာမေးပွဲအတွက် ကြိုးစားလွန်းသည်။ စာလည်း ပုံမှန်လုပ်သည်။ ညဘက်ဆိုလည်း ညည့်နက်သည်အထိ စာလုပ်သည်။ မေးခွန်းဟောင်းများပြန် တွက်သည်။ စာမေးလိုက်လျှင်လည်း ရသည်ကများသည်။ ထို့ကြောင့် မင်းခန့်တွင် တီချယ်များ သဘောကျ နှစ်ခြိုက် အားရနိုင်သော အရည်အချင်များစွာ ရှိနေသည်။
ဇင်ဖြိုးသည် အရင်ကတည်းက ပေါ့ပေါ့ပဲ တွေးသည်။ စာမေးပွဲ နှင့်ပတ်သက်ပြီး ဖိအားမရှိ စာမေးပွဲသည် အနာဂတ်အဆုံးဖြတ် မပေးနိုင် ဟု အင်္ဂလိပ် အက်ဆေးတွေ ထည့်ရေးရန် စီစဉ်ခဲ့သဖြင့် အတန်းပိုင်နှင့်ပင် အငြင်းအခုန် ဖြစ်ခဲ့သေးသည်။ စာမေးလိုက်လျှင်လည်း ရချင်မှ ရသည်။ အတန်းထဲတွင် ကျူတိုရီရယ် ဖြေလျှင်လည်း အမှားများသည်။ မေးခွန်းဟောင်းဆိုလျှင် ကျောင်းတွင်သာ တီချယ်များနှင့် တွက်ရ၍သာ တွက်သည်။ အိမ်တွင် ထိခဲ တို့ခဲသည်။ ထိုကြောင့် ဇင်းဖြိုးအပေါ် တီချယ်အများစု အားမရခဲ့။
သိုသော် သူတို့နှစ်ဦးသည် အချိန်တန် စာမေးပွဲရမှတ် ထွက်လာလျှင် အဆင့် (၁) နှင့် (၂) အပြန်အလှန် ယူကြစမြဲ ဖြစ်နေသည်။ အတန်းပိုင်ဆရာမပင် ဇင်ဖြိုး၏ အမေကို ခေါ်၍ ဇင်ဖြိုးသည် အတန်းထဲတွင် ဖြေလျှင် မှားပြီး စာမေးပွဲတွင် အမှတ်တွေ ရနေခြင်း အပေါ် “မေးခွန်း ရနေလား” ဟု မေးခွန်းထုတ်ခဲ့ဖူးသည်။
“ဟူး … တီချယ်က ငါ့ကို မယုံဘူးကွာ အဲ့တာစိတ်မကောင်းဘူး”
ဇင်ဖြိုး စိတ်မကောင်းစွာနှင့် သူ့သူငယ်ချင်းကို ရင်ဖွင့်သည်။
“သူငယ်ချင်းရယ် … သူလည်း စေတနာနဲ့ နေမှာပါ”
“အဲ့တာတော့ ငါလည်း နားလည်ပါတယ် .. စေတနာကလည်း တစ်ခါတလေ မှားတတ်တယ်”
“အေးပါ … သူငယ်ချင်းရယ် ငါနားလည်ပါတယ်”
သူ့အတွေး၊ သူပျော်ရွှင်မှုနှင့်သူ ရှိနေခဲ့သော ဇင်ဖြိုး … ယခုတော့ ….။
ယခု ၆လပတ် စာမေးပွဲသည် ဇင်ဖြိုးတစ်ယောက်တည်း အတွက်သာမကဘဲ ဆယ်တန်း ကျောင်းသား အားလုံးအတွက် ထူးခြားနေသည်။ အကြောင်းမှာ ယခုလပတ်စာမေးပွဲ မိမိတို့ သက်ဆိုင်ရာ ကျောင်းများမှ မေးခွန်းထုတ်ပြီး ကျင်းပသည့် စားမေးပွဲ မဟုတ်ဘဲ မြို့နယ်အဆင့်မှ မေးခွန်းထုတ်ပြီး မြို့နယ်တစ်ခုလုံး မေးခွန်းတစ်စုံတည်းဖြင့် ကျင်းပသည့် စာမေးပွဲဖြစ်သည်။
ထိုထက် ထူးခြားလွန်းနေသည်မှာ ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သည့် မြို့နယ်အဆင့် စာမေးပွဲ မေးခွန်းအတိုင်း ခုနှစ်သက္ကရာဇ်သာ ပြင်ပြီး ဘာသာစုံ ပြန်မေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မနှစ်ကမေးခဲ့သည့် မေးခွန်းဟောင်းကိုသာ ပြန်မေးသည့် စာမေးပွဲ ကြီး ဖြစ်ခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း ယခု မေးခွန်းအစုံကို ပြီးခဲ့သည့်နှစ်တွင် မကျင်းပဖြစ်ခဲ့သည့် စာမေးပွဲ မေးခွန်းဟု ထင်မှတ်၍ ပြန်လည်အသုံးပြုရာမှ ယခုကဲ့သို့ အံ့သြလောက်ဖွယ် လွဲချော်မှုကြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တချို့ကျောင်းသားများသည် ယခင်နှစ် မေးခွန်းဟောင်းအတိုင်း ပြန်မေးနေခြင်းကို ဓါတုဗေဒနေ့ကတည်းက သိသွားကြသည်။ တချို့ကျောင်းသားများသည် ရူပဗေဒနေ့မှမှ သိကြသည်။
အများအားဖြင့် ရူပဗေဒနေ့တွင် ကျောင်းသားအားလုံး မသိသူမရှိသလောက် ဖြစ်သွားတော့သည်။
သင်္ချာနေ့မှသိသော ကျောင်းသားများရှိသော်လည်း အတော်ပင်ရှားသည်ဟု ပြောရမည်။ ထိုထက် အင်္ဂလိပ်နေ့ကတည်းက သိနေသော ကျောင်းသားဆိုလျှင် ပို၍ပိုရှားလိမ့်မည်။ တစ်ရာတွင် တစ်ယောက်ရှိရန်ပင် စိတ်ကူးယဉ်ဆန်လွန်းလှသည်။
ထို့ကိစ္စကြောင့် စာကို အားထည့်မလုပ်တော့ဘဲ မေးခွန်းကိုသာကြည့်ပြီး အောင်မှတ်ရရုံသာ ပေါ့ပေါ့ပါးပါး ဖြေကြသည့် ကျောင်းသားများစွာ ရှိလာတော့သည်။ ဖိအားဆိုတာ မရှိ… မေးခွန်းတစ်စုံလုံး ကြိုသိနေခဲ့သော စာမေးပွဲသည် “ဇင်ဖြိုး” အတွက် လွယ်လွယ် မပြီးဆုံးခဲ့။ နာကျင်စရာ အချို့နှင့်အတူ …။
“ဇင်ဖြိုး” က “မင်းခန့်”ကို ပြိုင်ဘက်တစ်ယောက် အဖြစ် မတွေးခဲ့ ဘေးချင်းကပ်ထိုင်သော သူငယ်ချင်း တစ်ယောက်ဟုသာ သတ်မှတ်ထားခဲ့သည်။ သို့သော် တီချယ်တို့က ဇင်ဖြိုးနှင့် မင်းခန့်ကို သူငယ်ချင်းတွေအဖြစ် မဟုတ်ဘဲ ပြိုင်ဘက်တွေအဖြစ်သာ မြင်စေချင်သည့် သဘောရှိသည်။ စာပြိုင်ခြင်းသည် ကောင်းသည်ဟူသော အတွေးအခေါ်သည် ကျောင်းတွင် စိမ့်ဝင်ပျံ့နှံ့လျှက်ရှိသည်မှာ အတော်ကြာခဲ့ပြီ။ နှစ်စဉ် နှစ်စဉ် စာတော်သူနှင့် စာညံ့သူ ဥပမာ … စာတော်သူက တိုက်နှင့်ကားပိုင်ရှင် ဖြစ်လာပြီး စာညံ့သူက လမ်းဘေးရောက် စသဖြင့် ပုံပြင်တစ်ပုဒ်ကိုလည်း အကြိမ်ပေါင်းများစွာ ပျံ့နှံစေခဲ့ပြီးပြီ။
ပြဿနာ ယခုစပြီ …။
မည်သူက မည်သည့်ဘာသာမှစပြီး မနှစ်ကမေးခွန်းမေးနေသည်ကို သိခဲ့သနည်း။
ဇင်ဖြိုးက ရူပဗေဒနေ့မှ စသိသည်ဟု ဖြေခဲ့သည်။
ဟုတ်သည် ဇင်ဖြိုး သင်္ချာရမှတ်သည် ၅၀ ကျော်သာ ရခဲ့ပြီး ဓာတုဗေဒဆိုလျှင် ၄၀ ဖြစ်ခဲ့သည့်အပြင် ဇင်ဖြိုးအဖြေသည် သံသယ ဖြစ်စရာ မရှိခဲ့။
မင်းခန့်က ရူပဗေဒနေ့မှ စသိသည်ဟု ဖြေခဲ့သည်။
ပြဿနာက အဲ့ဒီမှာ စတော့သည်။ မင်းခန့်သည် အင်္ဂလိပ် ၇၅၊ နှင့် သင်္ချာ ၉၆ ရခဲ့သောကြောင့် အများစုက မယုံကြည်ကြချေ။ အဘယ့်ကြောင့်ဆိုသော် မင်းခန့်တို့ အခန်းသည် Section E ဖြစ်နေသောကြောင့် ဖြစ်သည်။ E ခန်းက A တို့ B တို့ အခန်းကလို အမှတ်မျိုး မရနိုင်ဟူသော ပုံသေအတွေးအခေါ်တစ်ခုသည်လည်း ကျောင်းအတွင်း စိမ့်ဝင်လျှက် …။
ကျောင်းတွင် စာမေးပွဲရမှတ် ထွက်ပြီးတိုင်း အဖြေလွှာများကို ကျောင်းသားများထံ ပြန်ပြပြီး မိမိအမှားကို သိစေသည့် အစီအစဉ် တစ်ခု ရှိသည်။ ထိုအစီစဉ်တွင် မင်းခန့် အဖြေလွှာကို ကျောင်းသားများ စိတ်ဝင်တစား စူးစမ်းကြည့်သောအခါ မင်းခန့် ဖြေထားသော essay များနှင့် အချို့သော ကိုယ်ပိုင်ဉာဏ် ကွန့်မြူးမှုကို အသားပေး ဖြေရသော မေးခွန်းများသည် မေးခွန်းဟောင်း စာအုပ်ထဲမှ အဖြေများနှင့် တစ်ထပ်တည်း တူနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် အတန်းသားများကြားတွင် မင်းခန့်သည် အင်္ဂလိပ်နေ့ ကတည်းပင် မေးခွန်းနဲ့ပတ်သက်ပြီး သိနေသည်ဟု သံသယ ပြောဆိုမှုများ ပေါ်ထွက်လာတော့သည်။
မင်းခန့်တကယ်ပဲ မေးခွန်းရခဲ့ခြင်းလား?
သူကျက်သမျှ တိုးခဲ့ခြင်းလား?
မင်းခန့်မှလွဲ၍ အခြားသူ မည်သူမျှ အတည်မပြုနိုင် …။
“ဇင်းဖြိုး နင့်ကို တီချယ်ခေါ်နေတယ်”
အတန်းဖော် ကောင်မလေး တစ်ယောက်က လာပြောသဖြင့် ဇင်ဖြိုး အခန်းပြင်ဘက်ကို ကြည့်လိုက်တော့ အပြင်ဘက်ခုန်တွင် တီချယ်ထိုင်နေသည်ကို တွေ့ရသည်။
“ဟုတ် .. ချယ်”
“အေ .. မင်း ဒီတစ်ပတ် အက်ဆေးက စာလုံးပေါင်းတွေ ဂရမ်မာတွေလည်း မှားတယ်နော်”
“ဟုတ် .. ချယ်”
ထိုစဉ် အဖြေလွှာတစ်ခုကို တီချယ် ထုတ်လိုက်သည်။ ဇင်ဖြိုးက သူ့အဖြေလွှာဟု ထင်ထားခဲ့သော်လည်း အမှန်မှာ မင်းခန့် အဖြေလွှာဖြစ်နေသည်။
“သူကတော့ စည်းလုံးခြင်းသည် အင်အား (Unity is strength) ကို ရိုးရိုးရှင်းရှင်းလေးပဲ ရေးသွားတယ်”
တစ်ခုခုဆို ဝမ်းနည်းတတ်သည့် သဘောရှိသည့် ဇင်ဖြိုး ထိုစကားအဆုံး၌ မျက်ရည် အနည်းငယ်ဝဲ သွားသည်။ အဘယ့်ကြောင့်ဆိုသော် မေးခွန်းဟောင်းစာအုပ်ထဲက အတိုင်း ပြန်ရေးချထားသည့် အက်ဆေးနှင့် သူ့ကိုယ်ပိုင်ဉာဏ်နှင့် ရေးထားသော အက်ဆေးနှင့် ယှဉ်ပြောလိုက်သော့ကြောင့် ဖြစ်သည်။
အမှန်တော့ အတန်းပိုင် တီချယ်သည် ထိုကဲ့သို့ ကူးချခြင်းကို လုံး၀ သဘောမကျသူ တစ်ယောက်ဖြစ်သည်။ သို့သော် တီချယ်ကတော့ မင်းခန့်ရေးထားသော အက်ဆေးနှင့်ပတ်သက်ပြီး သတိမထားမိခဲ့သည့်အတွက် ယခုလို ထုတ်ပြခဲ့ခြင်း ဖြစ်လိမ့်မည်။ မတော်တဆသည်လည်း နာကျင်မှုကို ဒဏ်ရာအဖြစ်အောင် စွမ်အင်ပြည့်ဝစွာ ပုံဖော်နိုင်သည်။
“ဟုတ် … ချယ်”
ဇင်ဖြိုးကို သူ့သူငယ်ချင်းများ အားမလို အားမရ ဖြစ်ကုန်သည်။ အဖြစ်မှန်တွေကို တည့် ပြောချလိုက်စေချင်သည်။
“မင်းက ဘာလို့ အမှန်တိုင်း ထုတ်မပြောလိုက်တာလဲ”
သူငယ်ချင်းများက ဇင်ဖြိုးကို ဝိုင်းပြောကြသည်။
“သူနဲ့ မဆိုင်ဘူးလေကွာ … ပြီးတော့ သူက ငါ့သူငယ်ချင်းပါ”
ထို အဖြေတစ်ခုသာ ထွက်လာခဲ့သည်။ သူ့သူငယ်ချင်းတွေအတွက်တော့ နားလည်ပေးစရာ အဖြေတစ်ခု မဟုတ်ခဲ့။
ယုံကြည်ရာ တစ်ခုအတွက် မယုံကြည်ရာပေါင်းများစွာကို မျက်ကွယ်ပြုတတ်သည့် သဘာ၀ …။
ကြိုးစားမှုတိုင်း၏ အသိအမှတ်ပြုခံရခြင်းသည် တစ်ခါလေ သံသယကြောင့် မျက်ကွယ်ပြုခံရတတ်သည့် သဘာ၀ …။
မတော်တဆသည်လည်းပဲ စနစ်တကျ ဖြစ်ပျက်သွားခဲ့လျှင် ဒဏ်ရာတစ်ခုကို လှလှပပ ပုံဖော်သွားနိုင်သည့် သဘာ၀ …။
ကြေကွဲစရာ … အဖြစ်အပျက်အချို့၊ နာကျင်စရာ ဒဏ်ရာအချို့နှင့် ပေါင်းစပ်လျှက်ရှိခဲ့သော ထိုကာလအတွင်း တစ်ခုတည်းသော အမှတ်တရ ထိုလက အဆင့် (၁) နှင့်(၂) ကြား အမှတ် (၁၀၀) ကွာခြားခဲ့ခြင်းပင် ဖြစ်တော့သည်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin