ကျွန်တော်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ တစ်နည်းအားဖြင့် ကျွန်တော့်ဘဝအကြောင်း သေချာသိနေတဲ့ သူငယ်ချင်း တချို့က “မင်းဘဝကို ဒီမှာပဲ ပြီးမှာလား” ဆိုတဲ့ မေးခွန်းကို ကျွန်တော် စိတ်ညစ်နေတဲ့ အချိန်မျိုးမှာ မေးလေ့ရှိတယ်။ အဲ့ဒီ မေးခွန်းလေး အမေးခံရတိုင်း ကျွန်တော်ရဲ့ စိတ်ဓာတ်တွေ ပြန်တက်လာစမြဲပါ။ သူတို့မေးတိုင်း ကျွန်တော် အမြဲတမ်း No … လို့ ဖြေခဲ့တယ်။

မှန်းသလောက်ပဲ ရတဲ့ ဘဝ
ကျောင်းတုန်းက ဆရာမက “ဘဝဆိုတာ …” လို့ အစပျိုးတော့ ကျွန်တော်တို့တွေက “တိုက်ပွဲ” လို့ ဖြေခဲ့ကြတယ်။ အဲ့ဒီတော့ ဆရာမက အလကားနေ တိုက်ပွဲချည်း လုပ်မနေချင်ပါနဲ့ ဘဝဆိုတာ မှန်းသလောက်ပဲ ရတယ်တဲ့။ ဒါလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့မှာ ကြီးကြီးမားမား ရည်မှန်းချက်မရှိခဲ့ရင် ကြီးကြီးမားမား အောင်မြင်မှုရဖို့ ခက်ခဲပါလိမ့်မယ်။

အဟားခံ ရည်မှန်းချက်တွေ
ငယ်ငယ်က ဆရာမက ကျောင်းသားတွေရဲ့ ရည်မှန်းချက်တွေကို လိုက်မေးတော့ ကျွန်တော်က “သားကြီးရင် စာရေးဆရာကြီး ဖြစ်ချင်တယ်” ဖြေခဲ့ဖူးတယ်။ အခန်းထဲက ငတိတွေ ဝိုင်းရယ်ခဲ့ကြတယ်။ အဲ့ဒါဟာ ကျွန်တော့်အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ အခု ဒီစာကို ဖတ်နေတဲ့ ခင်ဗျားမှာလည်း ဒီလို အဟားခံ ရည်မှန်းချက်တစ်ခု ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒါ အကောင်အထည် ဖော်နိုင်ပြီလား? မဖော်နိုင်သေးရင်လည်း အေးဆေးပါ။ တစ်ချိန် အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ အဟားခံပြီး ပြောခဲ့တဲ့ ရည်မှန်းချက်တစ်ခုက လွယ်လွယ်တော့ ပြောထွက်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။

အဓိပ္ပါယ်မရှိတဲ့ ရည်မှန်းချက်တွေ
ဒီကနေ့ နည်းပညာ ပစ္စည်းတချို့နဲ့ သိပ္ပံနယ်ပယ်က တွေ့ရှိချက်တွေဟာ တစ်ချိန်တုန်းက အဓိပ္ပါယ်မရှိတဲ့ ရည်မှန်းချက်တွေ အဖြစ် ရှိနေခဲ့ပါတယ်။ ဒီစာကို ဖတ်နေတဲ့ ခင်ဗျားမှာလည်း အဓိပ္ပါယ်မရှိတဲ့ ရည်မှန်းချက်တစ်ခု ရှိကောင်းရှိမှာပါ။ အဲ့ဒါ အကောင်အထည် ဖော်နိုင်ပြီလား? မဖော်နိုင်သေးရင်လည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိပ္ပါယ်မရှိတဲ့အရာတွေဟာ အချိန်ကာလ ကန့်သက်ချက်နဲ့ အဓိပ္ပါယ်မရှိ ဖြစ်နေလို့ပါပဲ။

မှန်းသလောက်ထက် ပိုမရနိုင်တဲ့ ဘဝမှာ အဟားခံ ရည်မှန်းချက်တွေနဲ့ အဓိပ္ပါယ်မရှိတဲ့ ရည်မှန်းချက်တွေက ကန့်သက်ချက် အမျိုးမျိုးနဲ့ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အမြင် အပေါ်သာ မှီခိုနေပါတယ်။ ဒီအမြင်တွေကို အထွေအထူး ဂရုစိုက်နေစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ရူးသွပ်နေဖို့ပဲ လိုပါတယ်။ 

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)