တစ်ခါတုန်းက တောအုပ်တစ်ခုထဲမှာ ကိုယ့်ဘဝနဲ့ ကိုယ်ကျေနပ်နေတဲ့ ကျီးကန်း တစ်ကောင် ရှိတယ်။ ဒါပေမယ့် တစ်နေ့ကျတော့ သူက အဲ့ဒီ တောအုပ်ထဲမှာ ဘဲငန်း တစ်ကောင်ကို တွေ့ခဲ့တယ်။ အဲ့ဒီလို တွေ့လိုက်ရတဲ့ အချိန်မှာ ဘဲငန်းကျတော့ သူ့လိုမဟုတ်ဘဲ ဖြူဖွေးနေတယ်။ ဒါ့ကြောင့် "ဘဲငန်းဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက် အလှပဆုံးငှက် ဖြစ်ရမယ်" လို့ သူ ကောက်ချက် ချခဲ့တယ်။
အဲ့ဒီလိုကျီးကန်းက သူ ထင်တဲ့အကြောင်း ဘဲငန်းကို သွားပြောတော့ ဘဲငန်းက သူလည်း သူ့ကိုယ်သူ အဲ့ဒီလို ထင်ခဲ့ဖူးတဲ့ အကြောင်း ပြန်ပြောတယ်။ ဒါပေမယ့် သူဟာ အရောင်နှစ်မျိုးရောစပ်ထားတဲ့ ကြက်တူရွေးကို မြင်လိုက်ရတဲ့အချိန်မှာ သူထက်ပိုပြီး ပျော်ရွှင်နေတဲ့ ငှက်၊ လှပနေတဲ့ ငှက် ရှိတယ်ဆိုတာကို သိလိုက်ရတယ်တဲ့။
ဒီတော့ ကျီးကန်းလေးက ကြက်တူရွေးဆီကို သွားပြီး "ကြက်တွေရွေးဟာ အပျော်ရွှင်ဆုံးငှက် အလှပဆုံးငှက်" ဆိုတဲ့အကြောင်း ပြောပြခဲ့တယ်။ အဲ့ဒီအခါကျ ကြက်တူရွေးက သူလည်း သူ့ကိုယ်သူ တစ်ချိန်က အဲ့ဒီလို ထင်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်း ကျီးကန်းကို ပြန်ပြောပြတယ်။ ဒါပေမယ့် သူဟာ အရောင်များစွာနဲ့ လှပနေတဲ့ ဥဒေါင်းကြီးကို မြင်လိုက်ရတဲ့အခါမှာ သူထက်ပိုပြီး ပျော်ရွှင်နေတဲ့ ငှက်၊ လှပနေတဲ့ ငှက် ရှိတယ်ဆိုတာကို သိလိုက်ရတယ်တဲ့။
ဒီတော့ ကျီးကန်းလေးဟာ တိရစ္ဆာန်ရုံထဲမှာရှိတဲ့ ဥဒေါင်းကြီးဆီ သွားခဲ့တယ်။ လူပေါင်းရာနဲ့ချီပြီး ဥဒေါင်းကို လာရောက် ကြည့်ရှု နေကြတယ်။ လူအားလုံး ထွက်သွားတဲ့အချိန်ကျမှ ကျီးကန်လေးဟာ ဥဒေါင်းဆီသွားပြီး "ဥဒေါင်းဟာ အပျော်ရွှင်ဆုံးငှက် အလှပဆုံးငှက်" ဆိုတဲ့အကြောင်း ပြောပြခဲ့တယ်။ ဥဒေါင်းကိုကျတော့ လူအများက လာရောက်ကြည့်ရှုကြပြီး သူ့ကိုကျတော့ လူအများက တွေ့တာနဲ့ မောင်းထုတ်တတ်ကြတယ်လို့ ကျီးကန်းလေးက ရင်ဖွင့်တယ်။
ဒီတော့ ဥဒေါင်းက သူလည်း သူ့ကိုယ်သူ တစ်ချိန်က အပျော်ရွှင်ဆုံးနဲ့ အလှပဆုံး ငှက်တစ်ကောင် လို့ ထင်ခဲ့ဖူးတယ် ဆိုတဲ့ အကြောင်း ပြန်ပြောပြတယ်။ ဒါပေမယ့် သူ့ရဲ့ အလှတရားတွေကြောင့်ပဲ အခု တိရစ္ဆာန်ရုံထဲမှာ ချုပ်နှောင်ခြင်း ခံထားရတယ်။ အကယ်၍ သူသာ ကျီးကန်း တစ်ကောင် ဖြစ်နေခဲ့မယ်ဆိုရင် အခုချိန်မှာ နေရာတိုင်းကို လွတ်လပ် ပျော်ရွှင်စွာ ပျံသန်း သွားလာနေနိုင်မှာတဲ့။ ဒီတော့မှ ကျီးကန်လေးက သူဟာ အပျော်ရွှင်ဆုံးနဲ့ အလှပဆုံး ငှက်တစ်ကောင် ဖြစ်နေတယ်ဆိုတာကို ကောင်းကောင်း နားလည်သွားပါတယ်။
ဒီပုံပြင်လေးက ကျွန်တော်တို့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖော်ပြသွားပါတယ်။ တကယ်တော့ အလိုလျောက် ဖြစ်တည်နေတဲ့ အခြေအနေတွေဟာ ထိန်းချုပ်ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဒီအခြေအနေတွေကို အပြစ်တင်နေဖို့ မဖြစ်နိုင်သလို တန်ဖိုးဖြတ်လို့လည်း မရနိုင်ပါဘူး။ မလိုလားအပ်တဲ့ နှိုင်းယှဉ်မှုတွေဟာ ကျွန်တော်တို့အတွက် ဝမ်းနည်းမှုတွေ၊ မကျေနပ်မှုတွေကို ယူဆောင်လာပေးတယ်။
တကယ်တော့ ကိုယ့်ရဲ့လက်ရှိ အနေအထားကို အရှိ အတိုင်း လက်ခံ ကျေနပ်နိုင်တဲ့ သူသာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနဲ့ အလှပဆုံးလူတစ်ယောက် ဖြစ်လာနိုင်တာပါ။ ကျွန်တော်တို့မှာ မရှိတဲ့အရာတွေအတွက် ဝမ်းနည်းနေမယ့်အစား ကျွန်တော်တို့မှာရှိနေတဲ့ အရာတွေနဲ့ပဲ ပျော်ရွှင်အောင် ကြိုးစားကြည့်သင့်တယ်လို့ တိုက်တွန်းရင်း ....။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
_________________
Ref; "Who is happy? The Peacock and The Crow" (http://www.moralstories.org/happy-peacock-crow)
Social Plugin