ကြောက်ရွံ့ခြင်း ဆိုသည်မှာ တစ်စုံတရာ ဖိအားကြောင့် ၎င်း ဖိအား သက်ရောက် နေသည့် အချိန် အတွင်း၌သာ မိမိစေခိုင်းသမျှကို လိုက်လျော ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။ ၎င်းဖိအား မရှိတော့သည့် အချိန် (သို့မဟုတ်) အကြောက် တရားများ ကင်းလွတ် သွားသည့် အချိန်တွင် ထိုသူတို့အပေါ် ယခင်ကဲ့သို့ လွှမ်းမိုး နိုင်တော့မည် မဟုတ်ပါ။ အခန့်မသင့်လျှင် ထိုသူတို့က မိမိအား ဘဝပျက်သည်အထိပင် ဒုက္ခပေး လာနိုင်သည်။

လူ့လောကဟူသည် ချားရဟတ် သဖွယ် မြင့်ချီ နိမ့်ချီ တစ်လှည့်စီ ဖြစ်ပေါ် နေသဖြင့် မိမိ၏ တန်ခိုး အာဏာတို့သည် တစ်ချိန်ချိန်တွင် လုံး၀ ချုပ်ငြိမ်းသွားနိုင်သည်ကို သတိချပ်သင့်သည်။ ထိုသို့သော အချိန် ရောက်လာလျှင် ယခင်က မိမိအပေါ် ကြောက်ရွံ့ခဲ့သောသူနှင့် လေးစားခဲ့သော သူတို့ကြား အပြုအမူ၊ အပြောအဆိုနှင့် ဆက်ဆံပုံ တို့သည် သိသိသာသာ ကွာခြား သွားလိမ့်မည်။ ကြောက်ရွံ့စိတ် သက်သက်ဖြင့်သာ မိမိအနား ခစားခဲ့သော သူတို့သည် ထိုအချိန်တွင် မိမိအား ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် ထင်တော့မည် မဟုတ်ပါ။

တချို့သော အစိုးရ အရာရှိကြီးများသည် တာဝန် ထမ်းဆောင်နေစဉ် ကာလအတွင်း မိမိလက်အောက် ငယ်သားတို့အပေါ် လိုအပ်သည်ထက် ပိုသော ဆူပူကြိမ်းမောင်းမှုများ၊ ပြစ်ဒဏ်ပေးမှုများ ပြုလုပ်ကြသည်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လက်အောက် ငယ်သားတို့အပေါ် နွေးထွေးမှု၊ နားလည်မှု၊ အမှားတစ်စုံတရာ ပေါ်ပေါက်လာသည့် အခါတွင်လည်း ထိုက်သင့်သော ပြစ်ဒဏ်၊ သင့်တင့်သော ဆူပူမှုတို့သာ ပြုလုပ်ခဲ့ပါက မိမိနှင့် ၎င်းတို့အကြား အပြန်အလှန် လေးစားမှုဟူသည့် မဟာတံတိုင်းကြီးကို အခိုင်အမာ တည်ဆောက် နိုင်လိမ့်မည်။

သို့သော် ဖြေရှင်းရမည့် ပြဿနာများ၊ ဆောင်ရွက်ရမည့် လုပ်ငန်း ဆောင်တာများ အဆင်ပြေရေးထက် မိမိရာထူး တည်မြဲရေးဟူသည့် အတ္တကို ရှေ့တန်း တင်လွန်းသည့်အခါ လိုအပ်သည်ထက် ပိုသော ဆူပူ ကြိမ်းမောင်းမှုများ၊ ပြစ်ဒဏ်ပေးမှုများဖြင့် လက်အောက် ငယ်သားတို့အပေါ် အကြောက်တရား များသွင်းပြီး အုပ်ချုပ်သွားတော့သည်။

ထိုကဲ့သို့သော အခြေအနေများသည် မိမိ အာဏာရှိနေချိန်၌သာ မိမိအနားတွင် အခြွေအရံ ပေါများ စေလိမ့်မည်။ မိမိ အနားယူသည့် အချိန်မှစ၍ ယခင်က ဒူးမထောက်ရုံတမယ် ခစားခဲ့သော တပည့်များပင် ယခင်ကဲ့သို့ မိမိဘက်မှ ရှိနေတော့မည် မဟုတ်ပါ။

ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းသည် မျဉ်း တစ်ကြောင်းသာ ခြားသည်။ ထို့ကြောင့် မိမိအား လေးစားနေသော သူများသည် အချိန်မရွေး ကြောက်ရွံ့ သွားနိုင်သကဲ့သို့ မိမိအား ကြောက်ရွံ့ နေကြသူများမှာလည်း အချိန်မရွေး မိမိကို လေးစားသူများ ဖြစ်လာနိုင်သည်။

အကြောက်တရားဖြင့် ရလာသော အခြွေအရံတို့သည် တည်တံ့ခိုင်မြဲခြင်း မရှိ။ လေးစားမှုဖြင့် ရလာသော အခြွေအရံတို့သည် လွယ်လင့်တကူ မပျက်စီးသွားဘဲ မဟာတံတိုင်းကြီးသဖွယ် တည်တံ့ခိုင်မြဲစွာ ရှိနေလိမ့်မည်။ ထို့ကြောင့် အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းထက် အပြန်အလှန် လေးစားမှုတို့ဖြင့် ကောင်းမွန်သည့် အဖွဲ့အစည်း (သို့မဟုတ်) ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်ကြပါစေ ဟု ဆုမွန်ကောင်း တောင်းလျှက် …။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)